ယင်းမာပင် ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီး ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့၊ နေ့လယ်(၂)နာရီအချိန်က အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ယင်းမာပင်ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးများကို အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေမှုအား လျော့နည်းပပျောက်စေရန် ထိရောက်စွာတားဆီးကာကွယ်ရန်နှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များ တွင် လုပ်ကိုင်နေရသည့် ကလေးများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေး၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ စသည့် အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ပြီး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်