သဲကုန်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း/ တံတား၊ ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ရမည့် ကုမ္ပဏီများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီမှ အဖွဲ့ဝင်ဌာနဆိုင်ရာဦးစီးမှူးများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍရေးနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ ချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက သဲကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဥ်ထွေးမှ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများပြီးစီးစေရေး၊ တင်ဒါလုပ်ငန်းအောင်မြင်သော ကုမ္ပဏီများအား လုပ်ငန်းများ တည်ဆောက်ရာတွင် စံချိန်စံနှုန်းပြည့်ဝစေရေး၊ သက်မှတ်ထားသောကာလတွင် အချိန်မီပြီးမြောက်စေရေး လိုအပ်သည်များကို ရှင်းလင်းမှာကြားပြောဆိုခဲ့သည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန သဲကုန်းမြို့နယ် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စန္ဒာအေး(နည်းပညာ)မှ လုပ်ငန်းများ အဆင်ပြေပြေ လုပ်ကိုင်နိုင်ရေး၊ သက်ဆိုင်ရာကော်မတီ၊ ကျေးရွာများ အနေဖြင့် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ထိုနောက်အခမ်းအနားသို့ တက်ရောက်လာသော တင်ဒါအောင်မြင်သော ရွှေပြည့်ကုမ္ပဏီနှင့် ဇမ္ဘူဒီပါကုမ္မဏီမှအရှည်မိုင် ၂/၂.၈၂ မိုင် ခန့်ရှိသောကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုမည့် စီမံချက်များ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ငွေသွန်းလျှံကုမ္ပဏီမှ ကျေးရွာရေရရှိရေးအတွက် တွင်းနက်စက်ရေတွင်း ဆိုလာစနစ်ဖြင့် ဆောင်ရွက်မည့် အခြေအနေနှင့် စက်ရေတွင်းတူးရာတွင် ဖြစ်ပေါ်နိုင်သော အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။
ထို့နောက်အခမ်းအနားကို တက်ရောက်လာသော ကျေးရွာကော်မတီများမှ လိုအပ်သည်များကို ဆွေးနွေးကြရာတွင် သက်ဆိုင်ရာကုမ္ပဏီအလိုက် လုပ်ငန်းလည်ပတ်မှု အခြေအနေ အားနည်းချက် အားသာချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်၊ဆက်)