ကျွန်းစုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ကျွန်းစု    ဇွန်    ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်  သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စုရပ်ကာ အုပ်စု(၆)စုခွဲ၍ ရပ်ကွက်ရှိနေအိမ်များ၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာရဲမင်းဦးတို့က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် မိုးရေတင်ကျန်နိုင်သည့် ဘူး၊ ခွက်၊ တာယာအဟောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေပုံး၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ပေးခြင်းနှင့် နေအိမ်များတွင် ကလေးငယ်များ ဖျားနာပါက ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ကုသမှုခံယူနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအဖွဲ့ဝင်များ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး အဘိတ်ဆေးခပ်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)