ရွှေတောင် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာကွင်းအမှတ် ၄၂၂ A ရှိ တောင်သူဦးကျော်လွင်၏ နွေစပါး ရက် ၉၀ စိုက်ခင်းတွင် ယနေ့နံနက်ပိုင်းက တောင်သူများပူးပေါင်းပါဝင်ဆောင်ရွက်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်ခေါင်နှံရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးစန်းလွင်၊ ပြည်ခရိုင်ဦးစီးမှူးဦးအောင်စိုးမိုး၊ ခရိုင်မျိုးစေ့တာဝန်ခံဒေါ်မြင့်မြင့်သိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးကျော်လွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ခရိုင်အတွင်းရှိမြို့နယ်ဦးစီးမှူးများ၊ ခြံတာဝန်ခံများနှင့်ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါမျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်ခေါင်နှံရွေးချယ်ခြင်းဖြင့် ဒေသအတွင်းမျိုးလိုအပ်ချက်များအတွက် တောင်သူများကိုယ်တိုင် ပိုးမွှားရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းသော အနှံများရွေးချယ်၍ မျိုးသန့်ထိန်းသိမ်းခြင်း၊ မျိုးစေ့လိုအပ်ချက်များဖြည့်ဆည်းနိုင်ခြင်း၊ ပြောင်းလဲလာသော ရာသီဉတုနှင့်အညီ တစ်သီးစိုက်ဧရိယာမှ နှစ်သီးစိုက်ဧရိယာအဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတိုစပါးမျိုးလိုအပ်ချက်အား မိမိတို့ဒေသအတွင်း အလွယ်တကူမျိုးပွားနိုင်ခြင်းဖြင့်တောင်သူများ၏ လိုအပ်သည့်မျိုးကောင်းမျိုးသန့်မျိုးစေ့ အချိန်မီနိုင်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။
ကိုကိုမင်း ပြန်/ဆက်