တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်းPPTT(၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်း အနားတက်ရောက်

ပုသိမ်     ဇွန်     ၇

ပုသိမ်ပညာရေး ဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်းPPTT(၉/၂၀၂၃)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါကောလိပ် ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေး ကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ပညာရေး ဒီဂရီကောလိပ် လေးနှစ်သင်၊ ဒုတိယနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများက လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာ သင်တန်းPPTT(၉/၂၀၂၃)သင်တန်းသား၊ သင်တန်းသူများအား  ကြိုဆိုပွဲကို “ကြိုဆို လက်ကမ်း ကံ့ကော်တန်း”သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီး ပညာရေးကဏ္ဍဆရာ၊ ဆရာမလို အပ်နေ မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဘွဲရများအား လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊သင်တန်းမှ သင်ကြားပေးသည့် ဘာသာရပ်များအားအခြေခံ၍ မိမိ၏တပည့်များအား ပြန်လည်ပို့ချသင်ကြားပေး ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ယခုပညာသင်နှစ်၌ အခြေခံပညာကျောင်း၊ ကိုယ်ပိုင် ပညာသင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် (၇၂၉၃)ကျောင်းအား ဖွင့်လှစ်ထားရှိပြီး ယနေ့အထိဆယ်သိန်းရှစ်သောင်းကျော် ကျောင်းအပ်နှံတက်ရောက် လျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း ၂ကျောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၂ကျောင်းအား ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီးဆရာ၊ဆရာမများ၏ အရည်အသွေများ တိုးတက်မြင့်မားနေရန် လိုပါကြောင်း၊ ဆရာ၊ဆရာမများသည် တပည့်များ၏ စံနမူပြများဖြစ်သည့်အတွက် စည်းကမ်းတကျ ဝတ်စားဆင်ယင်နေ ထိုင်သွားလာကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် အရည်အသွေး ပြည့်ဝသည့် ဆရာ၊ဆရာမများ ဖြစ်လာကြရန်အတွက် သင်တန်းများပို့ချပေးခြင်းများ စနစ်တကျ လေ့လာမှတ်သားနာယူပြီး လက်တွေ့နယ်ပယ် တွင်ဆက်လက် လေ့လာသင်ယူကြကာ မိမိတို့၏ တပည်များကိုပြန်လည်သင်ကြား ပေးချပေးရန်လို ပါကြောင်း၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ ဆရာမများ ဖြစ်စေရေးကြိုးစားကြရန်နှင့် သင်တန်းမှ သင်ကြားပို့ချမှုများကို စနစ်တကျ လေ့လာသင်ယူဆည်းပူးကြရန် လိုပါကြောင်း”လမ်းညွှန်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းနှင့် ပတ်သက်သော အကြောင်းအရာများကို ကျောင်းအုပ်ကြီးက ရှင်းလင်းတင်ပြ သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်ပညာရေး ဒီဂရီကောလိပ် လေးနှစ်သင်၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား၊ ကျောင်းသူများနှင့် လေးနှစ်သင်၊ ပထမနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။  ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT(၉/၂၀၂၃) အား ၂ လ ကြာသင်ကြား ပို့ချသွားမှာဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၈၅၅ ဦးတက်ခွင့် ရရှိကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)