မြင်းမူ ဇွန် ၇
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိရိုးဖလာတောင်သူ လုပ်ငန်းများနှင့် အတူ တစ်ပိုင်တစ်နိုင် စားဖိုချောင်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိသည့်အနက် ဂွေးတောက်ပင်အပုမျိုးများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေ များ ရရှိကြောင်း သိရသည်။
ဂွေးတောက်ရွက်ကို ယခင်က စီးပွားဖြစ်စိုက်ပျိုးခဲ့ခြင်းမရှိသော်လည်း ယခုအချိန်တွင် စားသုံးမှု များပြားလာသည်နှင့်အညီ စားသောက်ဆိုင်ကြီးများက ဝယ်ယူကာ စားသုံးသူများ၏ ဟင်းလျာအဖြစ် ပြန်လည်ရောင်းချကြသည့်အတွက် ဂွေးတောက်ရွက်မှာ ဝယ်လိုအားကောင်း ကာ ဈေးကွက်ရရှိလျက်ရှိကြောင်း၊ ပုံမှန်ဈေးမရှိသော်လည်း (၁)ပိသာလျှင် ငွေကျပ်(၃၀၀၀)မှ (၅၀၀၀) ဈေးရရှိပြီး ဆောင်းရာသီတွင် (၁)ပိသာလျှင် ငွေကျပ်(၁၀၀၀၀)ထိ ရရှိတတ်ကြောင်း သိရှိရသည်။
ဂွေးတောက်ပင် (၁)ဧကစိုက်ပျိုးရန်အတွက် မျိုးစေ့(၁)ပြည်သာ လိုအပ်ပြီး ပင်ကြား(၁) ပေနှင့် ဘောင်ကြား(၂)ပေဖြင့် အပင်(၂၀၀၀၀)ကို အကွက်ကျ အတန်း လိုက် စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးပြီး ရက်(၉၀)အချိန်တွင် စတင်ခူးယူရောင်းချနိုင်ကြောင်း၊ ရာသီမရွေးစိုက်ပျိုးနိုင်ကာ ရေချိုတိုက်ရန်လိုအပ်ကြောင်း ဂွေးတောက်ပင်များ စီးပွားဖြစ်စိုက်ပျိုးနေသူ ဦးတင်မျိုးနိုင် ထံမှ သိရသည်။
အောင်စိုးဖေ (မြင်းမူ)