ကန့်ဘလူ ဇွန် ၇
နေ့စဥ် ပြည်သူများ၏ စားသောက်ရေးတွင် အထောက်အကူပြုစေရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ပြည်သူများ ဝယ်ယူနိုင်ရေး ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ် ဆောင်ရွက်မှုဖြင့် ယနေ့ နံနက် ၇ နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်တစ်ပြည်နှင့် ကြက်ဥသုံးလုံး စသည့် ပစ္စည်းနှစ်မျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးရာ ယခင်နေ့များထက် လာရောက်ဝယ်ယူသူ ပိုမိုများပြားလာ ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူ ဝေဒနာရှင်များအား သွေးပေါင်ချိန်ပေးခြင်း၊ သွေးချို ဆီးချို စစ်ပေးခြင်းနှင့် ရောဂါ ဝေဒနာအလိုက် စမ်းသပ်စစ်ဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)