(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဂုဏ်ပြုချီးမြှင့်

ပုသိမ် ဇွန် ၇

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် အောင်ပွဲရ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုသည့် မင်္ဂလာတရားတော်နှင့် အညီ ကျင်းပသည့် မင်္ဂလာအခမ်းအနား တစ်ခုဖြစ်သလို နိုင်ငံတော်အဆင့် အားကစား ပြိုင်ပွဲများမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှု ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခြင်းအတွက် ယခုလိုဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ အားကစားအဖွဲ့သည် အားကစားနည်း(၁၉)နည်း၊ လူဦးရေ(၃၄၁)ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာမှာ ရွှေတံဆိပ်(၂၁)ခု၊ ငွေတံဆိပ်(၂၅)ခု၊ ကြေးတံဆိပ်(၆၈)ခု၊ စုစုပေါင်း (၁၁၄)ခု ရယူပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါကြောင်း၊ ထိုအထဲ၌ ဧရာဝတီတိုင်းဒေသကြီးမှလည်း အုပ်ချုပ်/နည်းပြ/အားကစားသမား(၅၃)ဦးပါဝင်ခဲ့ကာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်တွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အားကစားသမား (၃၂)ဦးအထိ ရှိခဲ့ပြီး ရွှေတံဆိပ် (၈)ခု၊ ငွေတံဆိပ် (၁၁)ခုနဲ့ ကြေးတံဆိပ်(၁၁)ခု ရရှိခဲ့ကြောင်းကိုလည်း ဂုဏ်ယူဖွယ်ရာတွေ့ရှိရမှာဖြစ်ပါကြောင်း၊ ရွှေတံဆိပ်(၈)ခုတွင်တစ်ဦးခြင်းပြိုင်ပွဲ ရွှေတံဆိပ်(၂)ခု၊ အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု (၆)ခုရရှိခဲ့ပြီး၊ ငွေတံဆိပ်(၁၁)ခုတွင် အသင်းလိုက်ပြိုင်ပွဲများမှရရှိခဲ့ကာ ကြေးတံဆိပ် (၁၁)ခုတွင် တစ်ဦးခြင်းပြိုင်ပွဲများမှ (၆)ဆု၊ အသင်းလိုက်ပြိုင်ပွဲများမှ (၅)ဆုရရှိခဲ့တာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှ ဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲ၊ အာဆီယံနိုင်ငံများ၏ အားကစား အဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ၊ နိုင်ငံတစ်နိုင်ငံရဲ့ အားကစား အဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲကြီးမှာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ရွက် ပေးကြသည့် ဧရာဝတီတိုင်းဒေသကြီးမှ အုပ်ချုပ်/နည်းပြ/အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် အားကစားမောင်/မယ်များအနေဖြင့် အားကစားစည်းမျဉ်း၊ စည်းကမ်းဥပဒေ ဘောင်အတွင်းကနေ အားကစားစိတ်ဓာတ်အပြည့်နှင့် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့်  နိုင်ငံတကာပြိုင်ပွဲများမှာ အောင်မြင်မှုများ ပိုမိုရရှိကာ ဧရာဝတီတိုင်းဒေသကြီးဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ကြပါစေလို့တိုက်တွန်းမှာကြားလိုပါကြောင်း” ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိအောင်စွမ်းဆောင် နိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နည်းပြများနှင့် ဘိလိယက်၊ Hoop Takraw ၊ အလေးမ (၄၅ကီလို)၊ ရိုးရာလှေ (TBR-5 Crews 250 M) ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးက Hoop Takraw ၊ ရိုးရာခြင်း (Event-4)နှင့် ရိုးရာခြင်း (Mixed Event-3)ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် အားကစားသမားများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ရိုးရာလှေ (Mixed TBR-12 Crews 250M)၊ ပိုက်ကျော်ခြင်း (Double Regu) ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိသည့် အားကစား သမားများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးက ပိုက်ကျော်ခြင်း (Double Regu)၊ ရိုးရာလှေ (Mixed TBR-12 Crews 500M)၊ ရိုးရာခြင်း (Event-3) ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက ရိုးရာလှေ(TBR-5 Crews 800M)နှင့် (TBR-12Crews 800M)၊ ရိုးရာခြင်း (Event-3) ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိသည့် အားကစားသမားများအား လည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီးက ရိုးရာခြင်း(Mixed Event-2)၊ ရိုးရာလှေ (TBR-12Crews 800M) ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိသည့် အားကစား သမားများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်ဝှေ့ (၅၁ကီလိုတန်း)နှင့် (၅၇)ကီလိုတန်း၊ပိုက်ကျော်ခြင်း (Double Regu)၊ ရိုးရာခြင်း (Event-2) ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက အားနစ် (တစ်ဦးချင်းအတိုက်)၊ စစ်တုရင် (ကျားအသင်းလိုက်)နှင့် (မအသင်းလိုက်)၊ ရိုးရာလှေ (TBR-12 Crews 500M) ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက ရိုးရာလှေ (TBR-12 Crews 500M)၊ ဗိုဗီနမ် (ဓားတစ်လက်အသင်းလိုက်အပြ)နှင့် ဗိုဗီနမ် (၆၀ကီလိုအတိုက်) ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့်အတူ နေ့လယ်စာများအား သုံးဆောင်ခဲ့ပြီး အားကစားသမားများ၏ ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုများအား ပြန်လည်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)