စုကလိမြို့ တာနောထကျေးရွာရှိ ပီလောပီနံများ စိုက်ပျိုးဖြစ်ထွန်း

စုကလိ  ဇွန်  ၇

ကရင်ပြည်နယ် မြဝတီခရိုင် ၊စုကလိမြို့ တာနောထ ကျေးရွာတွင် ဈေးကွက်ဝင် ပီလောပီနံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။ တာနောထကျေးရွာတွင် ကိုင်းဆက်စိုက်ပျိုး ထားသော ပီလောပီနံ များအား ယခုနှစ်တွင် ဧက ၂၀၀ ကျော် စိုက်ပျိုးထားလာနိုင်ပြီး ဖြစ်သည်။ ပီလောပီနံများအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနိုင်သော ရောင်းတန်းဝင် သီးနှံတစ်မျိုး အဖြစ် ဈေးကွက်တွင် ထိုးဖောက် ဝင်ရောက်လာပြီး တောင်သူများအနေဖြင့် ပြောင်းအစားထိုးသီးနှံ အဖြစ် စိုက်ပျိုးလာကြပြီးဖြစ်သည်။

 ပီလောပီနံများအား ကိုင်းဆက်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးနိုင်ပြီး၊ စိုက်ပျိုးပြီး ဥဥချိန်အထိ ကြာချိန်ကာလ ၆ လခန့် ကြာမြင့်ပြီး ဥအရွယ်အစား အနေအထား ပေါ်မူတည်ပြီး တူးဖော်ရောင်းချနိုင်သည်။ ထိုင်းနိုင်ငံမှ ဝယ်ယူရာတွင် ဥအစို တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၄၀ ဘတ်နှင့် အခြောက်ခံပြီး တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၆၀ခန့် ရရှိသည်။

စုကလိမြို့ တာနောထကျေးရွာ တွင် အစေ့ထုတ်ပြောင်း၊ တော ထင်ယာစပါး၊ ဝဥ၊ဒေသတွင်း သီးနှံများ စိုက်ပျိုးထားရာမှ ယခုနှစ်တွင် ပီလောပီနံများအား စီးပွားဖြစ် စိုက်ပျိုးလာကြပြီး ထိုင်းနိုင်ငံမှ အကျိုးတူစီးပွားဖြစ် စိုက်ပျိုးကြကြောင်း စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

ပိုပိုအောင်