ရေဖြူ၌ နှစ်စဥ်ဝင်ငွေကောင်းရရှိသော ကွမ်းသီးပင်ကို ကျေးရွာအနှံ့အပြား၌ စိုက်ပျိုး

ရေဖြူ မေ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်သည် မြန်မာနိုင်ငံတွင် ကွမ်းသီးပင် စိုက်ပျိုး၍ဖြစ်ထွန်းသော ဒေသတစ်ခု အပါအဝင်ဖြစ်သည်။

ကွမ်းသီးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ အောက်ရှိသောအရပ်၊ ရေမဝပ်သောနုံးမြေတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ရေဖြူမြို့နယ်သည် မြစ်ချောင်းပေါများ၍ မြစ်ချောင်းကမ်းပါးတစ်လျှောက် တောတောင်ချိုင့်ဝှမ်းများ၊ ကိုင်းကျွန်းများတွင် စိုက်ပျိုးကြသည်။

ကွမ်းသီးပင်ကို စိုက်ပျိုးရာတွင် အဓိကအချက်မှာ မိုးရာသီတွင် ရေမဝပ်စေရန်နှင့် နွေအခါတွင် ရေလုံလုံလောက်လောက် ပေးရန်ဖြစ်သည်။ ရေဝပ်သောနေရာတွင် စိုက်ပျိုးပါက​ မြောင်းဖော်၍ ဘောင်ပေါ်တွင် စိုက်ပျိုးခြင်း နွေအခါရေရရှိစေရေး ရေတင်​ရေဖျန်းပေးခြင်း ပြုလုပ်ပေးရသည်။

ဇန်နဝါရီ၊ ဖေဖော်ဝါရီလလောက်တွင် ကွမ်းသီးအရင့်အမှည့်ကို အပင်မှခူးချွေပြီး အလုံးငါးရာတစ်အိတ်ထည့်ပြီး ရေထဲတွင် အခွံများရှုံ့တွလာသည်အထိ ရေစိမ်ပေး ထားရသည်။ နှစ်ပတ်ခန့်အကြာ ရေထဲမှကွမ်းသီးများကို ဆယ်ယူပြီး အရိပ်ထဲတွင်ထား၍ တစ်လအကြာ အစို့အညှောက်လေးများ ထွက်လာသောအခါ ပျိုးအိတ်ထဲ ထည့်ပြီး ပျိုးထောင်ထားနိုင်သည်။ တစ်ချို့က မြောင်းဘောင်ပြုလုပ်၍ မြေကြီးပေါ်တွင် အမှည့်လုံးများကို ရေမှန်မှန်လောင်းပေးခြင်းဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်သည်။ အပင်ရှင်သန်မှု၊ အောင်မြင်မှုမှာ ပျိုးအိတ်နှင့် ပျိုးထောင်စိုက်ပျိုးသော အပင်မှာ ပိုအောင်မြင်ဖြစ်ထွန်းသည်။

ပျိုးခင်းတွင် ပျိုးပင်ကလေးများကြီးပြင်းနေစဥ် တောချုံများကိုရှင်းလင်း၍ စိုက်ခင်းမြေပြင်ခြင်းများ ပြုလုပ်ရသည်။ မိုးဦးကျအချိန်သည် စိုက်ပျိုးရန် အကောင်းဆုံး အချိန်ဖြစ်သဖြင့် ကျင်းများတစ်ခုနှင့်တစ်ခု ၆ ပေထက်မနည်း၊ ၈ပေအကွာအဝေးမှာ အကောင်းဆုံးဖြစ်သည်။ ကွမ်းသီးပင်သည် စစိုက်ခါစတွင် နွေအခါအရိပ်လိုအပ် သဖြင့် အရိပ်ရသည့် အပင်အနည်းငယ် ထားပေးရသည်။

ကွမ်းသီးပင်သည် အများအားဖြင့် မြေဩဇာနှင့်ရေလုံလောက်စွာရလျှင် အပင်သက်တမ်း ၅နှစ် ၆ နှစ်တွင် စတင်သီးသည်။ ကုန်းမြင့်တက်လျှင် ၁၀နှစ်သားရှိမှ စတင်သီးတတ်သည်။ ကွမ်းသီးပင်သည် တပေါင်း၊ တန်ခူးတွင် စတင်ပန်းပွင့်ကြပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွင် အရင့်မှည့်ကို စတင်ဆွတ်ခူးနိုင်သည်။ စတင်သီးသည့်နှစ်တွင် တစ်ပင် အလုံး ၃၀/၅၀ လောက်သာ သီးသော်လည်း နောက်ပိုင်းနှစ်များတွင် သုံးခိုင်မှငါးခိုင်ကြား၊ အလုံး ၂၅၀ မှ အလုံး ၅၀၀ ကြားသီးသည်။

ကွမ်းသီးအလုံးတစ်ထောင်လျှင် အခြောက်သား ၆ ပိသာကျော်ရရှိနိုင်ပြီး ပုတ်သိုးတတ်သော ကုန်စိမ်းမဟုတ်သည့်အတွက် တောင်သူများအတွက်တွက်ခြေကိုက်သည်။ ပြည်တွင်းစားသုံးမှု အပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ပါ တင်ပို့ရောင်းချကြသည်။

အရွယ်ရောက် ကွမ်းသီးပင်တစ်ပင်လျှင် အကြီးအသေးအလုံး ၃၀၀ ကျော်ထွက်ရှိရာ တစ်ပင်လျှင် ၅၀၀၀ ကျပ်ခန့် အနည်းဆုံးရရှိနိုင်သည်။ ထို့ကြောင့် ရေဖြူမြို့နယ်ရှိ ကျေးရွာအနှံ့အပြားတွင် အပင်ရာဂဏန်းမှသည် ဧကဆယ်ချီ စိုက်ပျိုးကြသည်။ တစ်နှစ်ဝင်ငွေ ဆယ်သိန်းမှ သိန်းရာချီ ရရှိသောကြောင့် ကွမ်းသီးပင်ကို ရေဖြူမြို့နယ်ရှိ ကျေးရွာအနှံ့အပြားတွင် စီးပွားဖြစ် စိုက်ပျိုး ကြပြီး ယခုမေလတွင် မိုးရွာသည်နှင့်တပြိုင်နက် စိုက်ပျိုး‌နေပြီဖြစ်သည်။

ခတ္တာ(ရေဖြူ)