ဝန်းသိုမြို့၌ မှို သီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

ဝန်းသို ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ တစ်ပိုင်တစ်နိုင် မှိုသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ပြီး မိသားစုအပိုဝင်ငွေရရှိနိုင်စေရန်ရည်ရွယ်၍  မှို သီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြား ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းနှင့် မြို့နယ်ဦးစီးမှူးဦးတင့်ဆွေတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသောတောင်သူများအား မှိုသီးနှံမျိုး စေ့နှင့် ကောက်ရိုးမှို၊ ငွေနှင်းမှိုစိုက်ပျိုးနည်းအဆင့်ဆင့်ပါရှိသော အသိပညာပေးစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။

ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ဂျပ်စက္ကူ(၁၀)ပိဿာ၊ မှိုမျိုးထုပ်(၅)ထုပ်၊ ခြပေါသောနေရာများ အတွက် ခြဆေး(၂)ဇွန်း၊ ပလပ်စတစ်(၈)ကိုက်၊ နွားချေး(၁၀)တင်းမှ(၁၃)တင်းခန့် အသုံးပြုရ မည်ဖြစ် ပြီးမှိုစတင်စိုက်ပျိုးသည့်နေ့မှ တစ်လအတွင်း(၇)ပိဿာမှ(၁၅)ပိဿာ အထိထွက် ရှိနိုင်ကြောင်း ငွေနှင်း မှိုစိုက်ပျိုးရာတွင် မှိုထုပ်များကို လေဝင်လေထွက်ရှိ၍ တိုက်ရိုက်နေမပူ သောနေရာ၊ အပူချိန်(၂၅-၂၈) ဒီဂရီစင်တီဂရိတ် စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းရှိသောနေရာ များတွင်ထားရှိရမည်ဖြစ်ပြီး၊ ကော်လံနှင့် ဂွမ်း မဖြုတ်ပဲထား၍ လည်းကောင်း၊ ကော်လံအောက် ခြေတစ်ဝိုက် ဓားဖြင့်ဖြတ်၍လည်းကောင်း စင်ပေါ် တွင်လှဲ၍စိုက်ပျိုးနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၃) ဦးတို့က တက်ရောက်သင်ယူသွား မည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းဦးဆောင်၍တာဝန်ရှိသူများကစာ တွေ့ လက်တွေ့ တစ်ရက်ကြာပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်း