ကသာ ဇွန် ၇
ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း (PPTT-၉/၂၃) သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အမှာစကားပြောကြားရာတွင် ပညာရေးသည် လူတစ်ဦးချင်းစီအတွက် သာမက နိုင်ငံအတွက်ပါ အလွန်အရေးပါပြီး ခိုင်ခန့်သည့်အမာခံ တည်ဆောက်ရေးပစ္စည်း တစ်ခုကဲ့သို့ ဖော်ညွှန်းနိုင်ပါကြောင်း၊ ကသာပညာရေးဒီဂရီကောလိပ်မှ ပျိုးထောင်မွေးထုတ် ပေးလိုက်သည့် ဆရာ၊ ဆရာမများဟာ နောင်အနာဂတ်၏ ပညာရေးပညာရှင်များ၊ အခြေခံပညာ ကဏ္ဍအတွက် ပဲ့ကိုင်ရှင်များ ဖြစ်လာမှာဖြစ်သည့်အတွက် စိတ်ဓာတ်ကောင်း၍ စည်းကမ်းပြည့်ဝပြီး ပညာထူးချွန်ပြည့်ဝသော ဆရာ/ ဆရာမများဖြစ်ရန် ကြိုးစားအားထုတ် ကြဖို့လိုအပ်ပါကြောင်းနှင့် သင်တန်းပြီးမြောက်လို့ လုပ်ငန်းခွင်ဝင်ရောက်ကြသည့်အခါတွင်လည်း မိမိတို့ တာဝန်ကျရာ ဒေသတွေမှာ ရပ်ရွာလူထု မြို့မိမြို့ဖစသည့် ကျောင်းအကျိုးကို ဆောင်ကြမည့် ပုဂ္ဂိုလ်များနှင့်လည်း ဟန်ချက်ညီညီ လက်တွဲချိတ်ဆက်ပြီး ပညာရေး၏ ရည်မှန်းချက်များကို ပြည့်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။ ထို့နောက် ကသာပညာရေး ဒီဂရီကောလိပ်မှ သင်တန်းသား/ သင်တန်းသူများက အကများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြပြီး ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ “ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်း ပါဝင်ဆောင်ရွက်စို့” အသိပညာပေး Video Clip ပြသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကသာပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ PPTT (၉/၂၃) သင်တန်းကို ၁-၆-၂၀၂၃ ရက်နေ့မှ ၁၁-၈-၂၀၂၃ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ (၂၈)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ကသာ)