အိမ်မဲ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ ခတ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီတွင် စာချွန်ခံရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်ဖြင့် အဖွဲ့ (၁၀) ဖွဲ့ခွဲကာ သဲအင်းဂူကျောက်တိုက်နှင့် ရပ်ကွက်အတွင်း၌လည်းကောင်း၊ မြို့နယ်အတွင်းရှိ ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌လည်းကောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ဖုံး သွန် လဲ စစ် လုပ်ငန်းဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။
“ခြင်ကြားလောက်လန်း ပေါက်ပွားရာနေရာများကတော့ အဓိက ရေသိုလှောင်ပစ္စည်းများဖြစ်တဲ့ ရေစည်၊ ရေအိုး၊ ရေကန်များ၊ ဘုရားပန်းအိုး၊ နတ်ပန်အိုး၊ အလှပန်းအိုးများ၊ ရေတင်ကျန်နိုင်တဲ့ ဘူးခွံ၊ ခွက်ခွံ၊ တာယာဟောင်းများ၊ သဘာဝအလျောက် မိုးရေတင်ကျန်လေ့ရှိတဲ့ သစ်ပင်အခေါင်း၊ အုန်းလက်၊ ငှက်ပျောလက်များ၊ ခုတ်ပြီးအငုတ်ကျန်ခဲ့တဲ့ ဝါးဆစ်တွေမှ ပေါက်ပွားပါတယ်။ အခုကတော့ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနဲ့ အဘိတ်ဆေးများ လိုက်လံခတ်ပေး တာဖြစ်ကြောင်း” မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်၏ ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)