ရှမ်းရွာသစ် ဇွန် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/သူများ မူးယစ် ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ၁၉ ရာစု နှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးနှင့် ရုပ်ပိုင်းဆိုင်ရာများကို ကျောင်းသား/သူများအား အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို အကျယ်တဝင့် သိရှိစေရေးအတွက် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားမှုကို ကျောင်းသား/သူ ကလေးငယ်များက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)