ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ကျောက်ဆည် ဇွန် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဇွန် (၇) ရက်နံနက် (၁၀) နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးများအသင်းတို့ ပူးပေါင်းပြီး မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မိသားစုအပိုဝင်ငွေရရှိရေး၊ တစ်ပိုင်တစ်နိုင်မိသားစုစီးပွားရေး လုပ်ကိုင်လိုသူများအတွက် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ်ရသည့် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်သိမ့်သိမ့်က ဘက်စုံသုံးဆပ်ပြာဆီပြုလုပ် နည်း အဆင့်ဆင့်ကို လက်တွေ့ ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းဝင်များနှင့် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ (၁၆) ဦး တက်ရောက်ခဲ့ပြီး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများကို အချိုးကျရောစပ်ကာ ကိုယ်တိုင် လက်တွေ့ပါဝင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သက်မောင်