သံတောင်ကြီး ဇွန် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်းရှိ လူငယ်များက ဦးဆောင်၍ နွေရာသီအားလပ်ရက်များတွင် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ ဂီတပညာနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက် သည့် လူငယ်လူရွယ်များဖြစ်စေရန်၊ တယောသင်တန်းကို ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် လူငယ်ရိပ်သာတွင် ယနေ့ညနေ (၄) နာရီအချိန်က ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တယောသင်တန်း ဖွင်လှစ်ခြင်းနှင့်ပတ်သက်၍ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်ဥက္ကဋ္ဌဦးစောဂေဒိုစိုးက ကျွန်တော်တို့အသင်းတော်မှာရှိတဲ့ လူငယ်များ ဂီတနဲ့ပတ်သက်တဲ့ တူရိယာပစ္စည်းမျိုးစုံကို တတ်ကျွမ်းစေဖို့နဲ့ နွေရာသီအားလပ်တဲ့ရက်တွေမှာ ဂီတပညာတစ်ခုခုကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်စွာ တီးခတ်တတ်နိုင်ဖို့၊ ဂီတနဲ့ပတ်သက်ပြီး ထူးချွန်ထက်မြက်တဲ့လူငယ်တွေ မွေးထုတ်နိုင်ဖို့အတွက် တယောပညာရှင် ဆရာတစ်ဦးကို ဖိတ်ခေါ်အကူအညီတောင်းခဲ့ တာဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတယောသင်တန်းတွင် တယောနည်းပြသင်တန်းဆရာ (၂) ဦးက သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသား (၅၀) ဦးတက်ရောက်ကာ သင်တန်းကာလ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စောမင်းသား