ကျိုက်လတ် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေးအတွက် တာဝန်ရှိသူများ နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ အတွင်းရေးမှူး ရဲမှူးစိန်လွင်အောင်တို့က အခြေခံပညာကျောင်းများသာမက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)လည်းပြန်လည် ဖွင့်လှစ်ပြီဖြစ်သောကြောင့် ကျောင်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏လုံခြုံရေးကိုဂရုပြုဆောင်ရွက်ရန်၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းရေးတို့အတွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးရန်၊ ဌာနဆိုင်ရာများ အနေဖြင့်လည်း မိမိရုံး၊ ဌာန အဖွဲ့အစည်းနှင့် ဝန်ထမ်းများ၏လုံခြုံရေးအတွက် CCTV များတပ်ဆင်ထားကြရန်၊ မြို့နယ်အတွင်းလုံခြုံရေးအတွက် လှည့်ကင်း၊ ပတ်ကင်းများ ရှိနေမည်ဖြစ်ကြောင်း၊ ရပ်ရွာအတွင်း အေးချမ်းသာယာရေးအတွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကစ၍ မိမိပတ်ဝန်းကျင်အနေအထား များကိုသိရှိရန် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့ရပ်ရွာတွင် ထူးခြားမှုရှိပါက မြို့နယ်သို့ အချိန်မီ သတင်းပေးပို့ကြရန်၊ ရပ်ရွာများတွင် လောင်းကစားဝိုင်းများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်ပါက အချိန်မီသတင်းပေးပို့ကြရန်၊ နယ်မြေအတွင်းလူစိမ်းများတွေ့ပါက သတိထားနေထိုင်ကြရန်၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့် နေထိုင်ကြပြီး ကျေးရွာဝင်ပေါက်ထွက်ပေါက်များကို မီးကင်းနှင့်လုံခြုံရေးအဖွဲ့များထားရန်၊ ကျေးရွာသူ၊ကျေးရွာသားများပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရီရီမြင့်