ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စား ပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကရင်ပြည်နယ်မှ အားကစားသမားများအား ဂုဏ်ပြု

ဘားအံ ဇွန် ၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဘားအံမြို့၊သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းကျောင်းမှ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းသည့် အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် သူနာပြုသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။

ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ ကျန်းမာရေးအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ရာတွင် ရင်းနှီးမြှုပ်နှံမှုများစွာကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် စိုက်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကရင် ပြည်နယ်၏ ဒေသအသီးသီးမှ တက်ရောက်လာကြသော သင်တန်းသား၊သင်တန်းသူများအပေါ် လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုလို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း ခံရပြီးနောက် သူနာပြုနှင့် သားဖွားသင်တန်းသား/သူများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ပြုမူနေထိုင်ပြီး သူနာပြုနှင့်သားဖွားအတတ်ပညာများကို ကျွမ်းကျင်တတ်မြောက် အောင် သင်ယူပြီး အရည်အသွေးပြည့်ဝသည့် အရည်အချင်းရှိသော သူနာပြုများဖြစ်အောင် ဆက်လက်ကြိုးစားသင်ယူ ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘားအံမြို့၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီးဒေါ်နီနီချိုက ဂျူတီကုတ် ဝတ်ဆင်ခြင်း၊ ဦးဆောင်းအပ်နှင်းခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက သင်တန်း သား/သူ(၄၂)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းကြသည်။

ယင်းနောက် သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းသား/သူများက သူနာပြု သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသား/ သူများက ဂရုဏာအလင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကရင်ပြည်နယ်မှ အားကစားသမား (၆)ဦး၊ နည်းပြ(၁)ဦး စုစုပေါင်း(၇)ဦး နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားနစ်၊ ခွန်ခမာ၊ လက်ဝှေ့ အားကစားနည်းတို့မှ ကြေးတံဆိပ် (၄)ခုကို နိုင်ငံအတွက်ရယူဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် ကရင် ပြည်နယ်အစိုးရ အဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်မှ နိုင်ငံတော်အဆင့်ကိုယ်စား ပြုပါဝင်ခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် အားကစားမောင်/မယ်များ အနေဖြင့် ယခုထက်ပိုမိုမြင့်မားသော ဆုတံဆိပ်များ နိုင်ငံတော်အတွက်ရယူပေးကြရန်၊ နောက်နှောင်တွင်လည်း အားကစားနည်းပေါင်းစုံမှ နေ၍ ကရင်ပြည်နယ် ကိုယ်စားပြုပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်မည့် အားကစားသမားကောင်းများစွာ ပေါ်ထွန်းလာစေရန် တာဝန်ရှိသူများမှ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်၏ ဂုဏ်ကိုဆောင်ရုံ သာမက နိုင်ငံကိုပါဂုဏ်ဆောင်ပေးခဲ့သည့်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်သာမက ပြည်နယ်သူ/ပြည်နယ်သားအားလုံး၏ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ကြေးတံဆိပ်(၄)ခု ရယူပေးခဲ့သော အားကစားများကို ငွေကျပ် ၁၀ သိန်းစီကို လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက နိုင်ငံကိုယ်စားပြု အားကစားသမား (၂)ဦးနှင့် နည်းပြ(၁)ဦးတို့အား ငွေကျပ် (၃)သိန်းစီကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြပြီး အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံဂုဏ်ဆောင် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)