တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ထားဝယ် ဇွန် ၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားထားဝယ်အသင်းနှင့် ကော့သောင်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစား သမားများနှင့် အားကစားဝါသနာရှင်များက ကြည်ရှုအားပေးရာ ထားဝယ်အသင်းက ကော့သောင်းအသင်းအား (၄)ဂိုး(၃)ဂိုးဖြင့် အနိုင်ရသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုက  ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူး ကြီးခင်ကျော်က   အမျိုးသား ဒုတိယဆုရရှိသည့် ကော့သောင်းအသင်းအား လည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က အမျိုးသမီး ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ် အသင်းအားလည်းကောင်း တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးခင်မောင်မြင့်က အမျိုးသားပထမ ဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီး က အမျိုးသမီး ပထမဆု ရရှိသည့် သရက်ချောင်းမြို့နယ် အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသမီး ပထမဆုရရှိသည့် သရက်ချောင်းမြို့နယ် အသင်းနှင့် အမျိုးသား ပထမဆုရရှိသည့် ထားဝယ်မြို့နယ် အသင်း တို့အား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)