ပွင့်ဖြူ ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း မေလ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုးကြိုးဘေးကြောင့် သေဆုံးမှုဖြစ်ပွားခဲ့သူ ၃ ဦးနှင့် ဇွန်လ ၁ ရက်နေ့က လေဘေးကြောင့် လူနေအိမ်ပြိုကျခဲ့သည့် လေဘေးသင့်အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ မိုးကြိုးဘေးနှင့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး အသက်အိုးအိမ်၊ စည်းစိမ်ထိခိုက်ဆုံးရှုံးမှုမဖြစ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား လိုက်နာဆောင်ရွက်ကြစေလိုကြောင်းနှင့် ထူးခြားဖြစ်စဉ်များ ဖြစ်ပွားပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်သတင်းပေးပို့၍ လိုအပ်သည့် အကူအညီများ ရယူဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု၊ မုန်တောကြီးကျေးရွာမှ မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၃)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀/- နှုန်းဖြင့် ကျန်ရစ်သူမိသားစုဝင်များထံသို့လည်းကောင်း၊ လေဘေးကြောင့် လူနေအိမ်(၁)လုံး ပြိုကျပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀/- ၊ လေဘေးသင့်အိမ်ထောင်စုဝင်(၃)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုး ငွေကျပ် ၆၃၀၀၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၆၃၀၀/-နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတို့ကို လေဘေးသင့်မိသားစုဝင်များထံသို့လည်းကောင်း၊ အသီးသီးထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)