လှိုင်းဘွဲမြို့နယ်၊ ကွမ်တာကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြံမြေလွတ်များ၌ အာတလွတ်ဥအဖြူပင်များ စိုက်ပျိုးမှုများပြား

လှိုင်းဘွဲ ဇွန် ၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကွမ်တာကျေးရွာ၊ ထီးဖိုးခီးကျေးရွာ၊ သာယာကုန်းကျေးရွာများတွင် နေအိမ်ဘေး ခြံမြေအလွတ်များ၌ အာတလွတ်ဥအဖြူပင်များ စိုက်ပျိုးမှုပိုမိုများပြားလာကြသည်ကို တွေ့ရသည်။

ဒေသအတွင်း အာတလွတ်ဥ အညိုမျိုးနှင့် အဖြူမျိုးနှစ်မျိုးကို စိုက်ပျိုးကြပြီး အာတလွတ်ဥ အညိုမျိုးမှာ ပီလောပီနံဥကဲ့သို့ ပြုတ်ပြီး ဆီနှင့်ဆားရော၍ နံနက်ခင်းအစာပြေစားသုံးနိုင်ကြသည်။  အာတလွတ်ဥအဖြူမျိုးမှာ ဥကိုထုပြား၍နေလှန်းအခြောက်ခံပြီးနောက် ဆား၊သကြားနှင့် ငရုပ်သီးမှုန့် အနဲငယ်ဖြင့်ရောကြော်ပြီး လေလုံသောအိတ်၊ ဗူးစသည်တို့တွင် ထည့်သွင်းသိမ်းဆည်းလျှင် ကြာရှည် ထားစားနိုင်ကြောင်း၊ယခုအခါ အာတလွတ်ဥဖြူ အခြောက်စပ်ကြော်မှာ စျေးကွက်တွင် အိမ်ဆိုင်ငယ်များမှ စတိုးဆိုင်နှင့်မီနီမတ်ကတ်ဆိုင်ကြီးများအထိ ထုပ်ပိုးမှုပုံစံအမျိုးမျိုးဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

အာတလွတ်ဥကို စိုက်ပျိုးရာတွင် မြေကြီးပွအောင်ပြုပြင်၍ အတန်းလိုက်ဖြစ်အောင်မြောင်းပေါင်ပြုလုပ်ပေးရကြောင်း၊ မျိုးဥအပင်ငယ်များချစိုက်မည့်မြောင်းပေါင်အတွင်း သဘာဝမြေဆွေး၊ နွားချေးပြာများရောစပ်ထားသော မြေကိုထည့်ပြီးစိုက်လျင် ဥများပိုဖွံ့ဖြိုးကြီးထွားကြောင်း၊ စစိုက်ပြီး နောက် (၄)လခွဲခန့်အချိန်တွင် ဥများကိုတူးဖော်နိုင်ကြောင်း၊ ‌ဒေသပေါက်စျေးအရ အာတလွတ်ဥအဖြူ တစ်ပိဿာလျှင် ငွေ(၁၅၀၀)ကျပ်စျေးရရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်နည်းပါးခြင်း၊  ပြုပြင် ထိန်းသိမ်းရမှုနည်းခြင်းနှင့် စျေးကွက်ဝယ်ယူမှုပြားလာခြင်းများကြောင့် ကျေးရွာများတွင် ပိုမို စိုက်ပျိုးလာကြကြောင်း ရွာသားများကပြောဆို ရှင်းပြသည်။

လင်းသန့်(ပြန်/ဆက်)