ပေါင်းတည် ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ သစ်ပင်များစိုက်ပျိုးထူထောင်ခြင်းကို မြို့နယ်သစ်တောဦးစီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် မဟာဝိသုတရာမ စာသင်တိုက်ကျောင်းဝင်းအတွင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
စာသင်တိုက်နှင့်ဘုန်းတော်ကြီး ကျောင်းဝင်းများတွင်လည်း သစ်ပင်များစိုက်ပျိုး ထူထောင်ရမည်ဖြစ်ကြောင်း၊ သစ်ပင်များကြောင့်ဘုရားရိပ်၊ကျောင်းရိပ်သည် ပိုမို အေးချမ်းနေခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ အပူချိန်လျော့ကျစေရေးနှင့်ဂဟေစနစ် တည်ငြိမ်လာစေရေးတို့အတွက် ပြုန်းတီးခဲ့သော သစ်ပင်များနေရာ၌ အစားထိုးပြန်လည်စိုက်ပျိုးကြရမည်ဖြစ်ကြောင်းတို့ကို မြို့နယ်သံဃနာယက အဖွဲ့ဝင်၊ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္တိမာက စာသင်သားများနှင့် ကျောင်းအကျိုးတော်ဆောင်များအား ဆုံးမသြဝါဒ မိန့်ကြားကာ စိုက်ပျိုးစေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်ပင်ပျိုးပင်များ စိုက်ပျိုးရာတွင် ကျောင်းတိုက် ဆရာတော် ကိုယ်တိုင်ဦးဆောင်ကာ စာသင်သားများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်အတူ ကျွန်းပင်၊ ပိတောက်ပင်၊ ကံ့ကော်ပင်နှင့် ခရေပင်ပျိုးပင် ၁၀၀ ခန့်ကို ကျောင်းတိုက်ဝင်းအတွင်း စိုက်ပျိုးထူထောင်နိုင်ခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ ဆက် )