မြိတ် ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ (၂၀၂၂-၂၀၂၃)ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြိတ်မြို့ မြန်အောင်ရပ် သဲကွင်း(၁)လမ်းရှိ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ခန်းမတွင် ကျင်းပခဲ့သည်။
နှစ်ပတ်လည်အစည်းအဝေးသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့သည့် စားသောက်ကုန် (ဆီ၊ ကြက်သွန်ဖြူ /နီ နှင့် ကြက်ဥ)များကို တိုင်းမှူးမှ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား အထွေထွေရောဂါများကို မြိတ်တပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် အမှတ်(၁၃) စစ်မြေပြင်ဆေးတပ်ရင်းအဖွဲ့မှ ကျန်းမာရေးဆေးစစ်၍ အခမဲ့ကုသဆောင်ရွက်ပေးကြရာတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ အစည်းအဝေး သဘာပတိ မြိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး ဝင်းသိန်း (ငြိမ်း)က နုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ လုပ်ငန်းကဏ္ဍကြီး(၅)ရပ်အား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နှစ်ပတ်လည် ထောက်ပံ့ကြေးနှင့် တိုက်ပွဲကျ/သေဆုံး စစ်သည်အရန်အဖွဲ့ဝင်များအား ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသော မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များမှ လုပ်ငန်းကဏ္ဍကြီး(၅) ရပ်နှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူး ကြီး-ထွန်းထွန်း(ငြိမ်း)က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)