မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကျင်းပ

မြောင်းမြ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ဂျုတီကုတ် နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် သင်တန်းသား/သူများသည် သတ်မှတ်အရည်အချင်း ပြည့်ဝ၍ အဆင့်မြှင့်ပြီး သူနာပြုသင်တန်းသား/သူအဖြစ် အသိအမှတ်ပြုကာ သူနာပြု တာဝန်ပေးအပ်တဲ့ ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းခြင်းဖြစ်ကြောင်း၊ ဦးဆောင်းကို သူနာပြုများကလွဲပြီး မည်သူမှ ဆောင်း၍ မရကြောင်း၊ ဦးဆောင်းသည် သူနာပြုများ၏ အမှတ်လက္ခဏာဖြစ်ကြောင်း၊ ဦးဆောင်းနှင့် ဂျုတီကုတ် ပေးအပ်လိုက်ပြီးတာနဲ့ သူနာပြုရဲ့ တာဝန်ဝတ္တရားများ အတူပါလာမှာဖြစ်ကြောင်း၊ သူနာပြုအတတ်ပညာသည် ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ Professional အတတ်ပညာ ဖြစ်တဲ့အတွက် သူနာပြုများ လိုက်နာရမည့် ကျင့်ဝတ်များ၊ သူနာပြု သစ္စာအဓိဌာန်ပါအချက်များ ကို မမေ့မလျော့ဘဲ ပြည်သူအကျိုးပြုနိုင်တဲ့ သူနာပြုလောင်းများဖြစ်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ သူနာပြုသင်တန်းကျောင်းအုပ် ဒေါ်နော်ကဖော်ရှီးနှင့် တာဝန်ရှိသူများက ပထမနှစ် စီနီယာတန်းမှ သင်တန်းသား/သူ  (၅၆) ဦးအား ဂျူတီကုတ်နှင့် ဦးဆောင်းများကို အပ်နှင်းပေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသူ သင်တန်းသူများအား ဆုများ ချီးမြှင့်ပြီး သူနာပြုသင်တန်းကျောင်းအတွက် အလှူငွေ ()သိန်းကျပ် ပေးအပ်ရာ သူနာပြု သင်တန်းကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။

အခမ်းအနားကို သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သူနာပြုသစ္စာ အဓိဌာန် ()ချက်ကို ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ပြီး​မြောက်ခဲ့သည်။ သူနာပြု သင်တန်းကျောင်းတွင်  ဒုတိယနှစ် (၇၀) ဦး၊ ပထမနှစ် စီနီယာတန်း (၅၆)ဦး၊ ပထမနှစ် ဂျူနီယာ တန်း (၄၆)ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၁၇၂) ဦး တက်ရောက်နေကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်