ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီပျိုးပင်များ အခမဲ့ဖြန့်ဝေပေး

ပေါက်ခေါင်း     ဇွန်   ၆

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံပြည်သူလူထုနှင့်ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေးနိုင်ရန်အတွက် ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီစိုက်ပျိုးရန်ပျိုးပင်ပေါင်း(၅၀၀၀၀)ကို မြို့မပျိုးဥယျာဉ်တွင်  ပျိုးထောင်ထားလျက်ရှိရာ ယခုအခါအဆိုပါပျိုးပင်များကို   ဒေသခံပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြို့မပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသော မိုးရာသီပျိုးပင်များကို သစ်ပင်များစိုက်ပျိုးလိုသည့် မြို့နယ်ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများထံသို့ မြို့နယ်သစ်တောဦးစီးဌာနမှ အခမဲ့နေ့စဉ်ဖြန့်ဝေပေးလျက်ရှိသည်။ ယင်းသို့ဖြန့်ဝေပေးရာတွင် ဌာနဆိုင်ရာရုံးများနှင့်ပြည်သူများက မိမိတို့စိုက်ပျိုးလိုသည့် ပျိုးပင်အမည်၊ ပျိုးပင်အရေအတွက်နှင့်စိုက်ပျိုးမည့်နေရာတို့ကို လျှောက်လွှာတွင်ရေးသား၍ သစ်တောဦးစီးဌာနသို့တင်ပြထုတ်ယူနိုင်ကြောင်း သိရသည်။

ကျွန်း၊ ယူကလစ်၊ မန်ဂျန်ရှား၊ ယင်းမာ၊ ရေတမာ၊ ဗန်ဒါ၊ ပိတောက်၊ ပျဉ်းကတိုး၊ စိန်ပန်းကြီး၊ မြန်မာကုက္ကိုလ်၊ မယ်ဇယ်၊ သပြေ၊ တမလန်း၊ ရေတမာ၊ ဗန်ဒါ၊ စိန်ပန်းကြီး၊ ပုန်းညှက်စသည့် ပျိုးပင်ပေါင်း(၅၀၀၀၀)ကို ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)