ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၃)သို့ တက်ရောက်

ဟားခါး ဇွန် ၆

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပရာ အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊  ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ချင်းပြည်နယ်အတွင်းရှိ လေဘေးသင့်မြို့နယ်(၆)မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကော်မတီအချင်းချင်း ပေါင်းစပ်ညှိနှိုင်းရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းကောင်းဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အသီးသီးရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို ၄င်းတို့ လက်ဝယ်အရောက် အမြန်ဆုံးရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လေဘေးကြောင့်ပျက်စီးသည့် စာသင်ကျောင်းများ အမြန်ဆုံးပြင်ဆင်နိုင်ရေး တင်ပြစေလိုကြောင်းဖြင့် ပြောကြားပြီးနောက် ပြည်နယ် ဝန်ကြီးချုပ်က လေဘေးသင့်ပြည်သူများအား ငွေကြေး၊ ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် စိတ်ဓာတ်ရေးရာမြှင့်တင်ခြင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လေဘေးသင့် ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများ၊ လေဘေးသင့် ပြည်သူလက်ဝယ်အရောက် ပေးပို့နိုင်ရေးနှင့် အလေအလွင့်မရှိစေရေး အတွက် ချင်းပြည်နယ် လေဘေးသင့်ပြည်သူများ ကူညီထောက်ပံ့ ရေးရန်ပုံငွေ၊ ပစ္စည်းများ စိစစ်လက်ခံရေးနှင့် ပြန်လည် ဖြန့်ဝေရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည့်အတွက် ယင်းကော်မတီကတစ်ဆင့် ဆက်သွယ် ဆောင်ရွက်ပေးရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေတို့ကို လည်းကောင်း၊ ပြည်နယ်ပညာရေးမှူးက လေဘေးကြောင့် ပျက်စီးသည့် စာသင်ကျောင်း (၅၀) ကျောင်းအား သင်ကြားရေးမပျက်စေရန် ယာယီပြင်ဆင်ပြီးစီးမှုနှင့် အကြီးစားပြင်ဆင်ရန်လိုအပ်သည့် ကျောင်းများ  ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။     

ခရိုင် ( ပြန်/ဆက် )