လိပ်သို ဇွန် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်းပေါများ သောကြောင့် နေထိုင်သူဒေသခံများမှာ ဉယျာဉ်ခြံသီးနှံ စိုက်ပျိုးမှုလုပ်ငန်းများဖြင့်သာ အဓိကထား လုပ်ကိုင်အသက်မွေးလျက်ရှိပြီး နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည့် တညင်းသီးပင်များကို ရှေးယခင် ကာလကပင် အစဉ်တစိုက်စိုက်ပျိုးခဲ့ကြရာ ယခုရာသီပေါ်ချိန် စတင်ဆွတ်ခူးချိန်၌ ဈေးကောင်းရရှိ လျက်ရှိကြောင်း သိရသည်။
ဒေသထွက် တညင်းသီးများကို စားသုံးသူများ ကြိုက်နှစ်သက်သောကြောင့် ယခုနှစ်တွင် ပေါ်ဦး ပေါ်ဖျား တညင်းသီးများကို တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးသော ဈေးနှုန်းဖြင့် တညင်းတစ်ပြည်လျှင် (၄၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ လေးထောင့်ပုံးတစ်ပုံးလျှင် (၃၀၀၀၀) ကျပ် ဖြင့်လည်းကောင်း ဈေးကောင်းရရှိကာ စိုက်ပျိုးထားသူ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါ တညင်းပင်များကို အခြားသော နှစ်ရှည်သီးနှံပင်များအကြားတွင် သီးညှပ်စိုက်ပျိုးထားကြပြီး ယခုနှစ်တညင်းသီးပေါ်ချိန်ရာသီအစတွင် တောင်ငူမြို့မှ လက်လီ ပြန်လည်ရောင်းချသော ပွဲစား များက ကျေးရွာအရောက် လာရောက်ဝယ်ယူလျက်ရှိကြကြောင်း သိရသည်။
ခင်လေးနွယ်