ကန့်ဘလူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကန့်ဘလူ ဇွန် ၆

ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်း (ကြွပ်ကြွပ်အိတ်) များအသုံးပြု ခြင်းများကြောင့် နှစ်စဥ်ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေမှုများ လျော့နည်းကျဆင်းစေပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ စေရန် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက် ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” (Solution to plastic pollution) ဆောင်ပုဒ်နှင့်အညီ ကျောင်းသား လူငယ်များကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက် ပြန့်ပွားစေရေးအတွက် ရည်ရွယ်ကာ ကျင်းပပြုလုပ်သည့် ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် မြေဆီလွှာပျက်စီးခြင်း၊ ရေထု ညစ်ညမ်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးလေဝသဆိုးရွားလာခြင်း၊ လေထုညစ်ညမ်း ခြင်း၊ တိရစ္ဆာန်များနှင့် ရေသတ္တဝါများဘေး သင့်ခြင်း၊ လူသားများဘေးသင့်ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ပလပ်စတစ်ဆွေးမြေ့ရန် နှစ်ပေါင်း ရာထောင်ကြာမြင့်နိုင် ကြောင်း၊ ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသည့် သက်ရှိသတ္တဝါများအားလုံး ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရန်အတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေသော လူသားများနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးကိုထိခိုက်စေသော ပလတ်စတစ်ပစ္စည်းများသုံးစွဲခြင်း၊ ထုတ်လုပ် ခြင်းများအား မိမိတို့တတ်နိုင် သလောက် လျော့ချသုံးစွဲကြရန်တို့ကိုလည်းကောင်း၊ ပန်းချီစိုးမြင့်ဝေ (ပညာရေးငြိမ်း)က ရောင်စုံပန်းချီပြိုင်ပွဲတွင် ဆုရွေးချယ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့် က ဌာန၏လုပ်ဆောင်ချက်များနှင့် ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားရရှိစေရေးအတွက် ပြည်သူ့စာကြည့်တိုက်တွင် အသင်းဝင်ကာ သုတရသစာအုပ်များကို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပုံ အကြောင်းများကိုလည်းကောင်း ပြောကြားကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူးက အလယ်တန်းဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂) ဆုကို လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်မိုးသန္တာအောင်က မူလတန်းဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ၂ ဆုရရှိသူတို့ကို လည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး ရောင်စုံပန်းချီပြိုင်ပွဲ ဆုရရှိသူ များကိုယ်စား အလယ်တန်းဆင့် ပထမဆုရရှိသူ မအိမ့်ကြည်ဖြူမောင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

အဆိုပါပန်းချီပြိုင်ပွဲကို ဇွန် ၂ ရက်က အထက( ၁)ကန့်ဘလူကျောင်း၌ ကျင်းပခဲ့ပြီး အလယ်တန်း ဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး၊ မူလတန်းဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)