တောင်တွင်းကြီး ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အလှကုန်ပစ္စည်းများဝယ်ယူသုံးစွဲရာတွင် အန္တရာယ်မဖြစ်စေရန်နှင့် FDA မှ သုံးစွဲရန်တားမြစ်ထားသော အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့ပါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့ပေါ်ရှိ ပန်ထွာစင်တာ၊ သမ္မာအာဇိဝ၊ သမ္မာအာဇိဝ Junction ၊ သမ္မာအာဇိဝ Shopping Mall၊ ပုလဲစာပေ၊ ဇင်မာမာစတိုး စသည့် အရောင်းဆိုင်များရှိ အလှကုန်ပစ္စည်းများကို ကွင်းဆင်းစစ်ဆေးရာ အရောင်းဆိုင်တစ်ဆိုင်မှတင်သွင်းရောင်းချသည့် အလှကုန်ပစ္စည်းများအနက် တားမြစ်ဓာတုပစ္စည်း Rhodamine B ပါဝင်သည့် အတွက်တားမြစ်ထားသည့် VONGEE / Eyeshadow Palette 18 g များ စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် အဆိုပါတားမြစ်အလှကုန်ပစ္စည်းများအားသိမ်းဆည်းခဲ့ပြီး အများပြည်သူသုံးစွဲရန်မသင့်ကြောင်းကြေညာထားသည့် အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် တားမြစ်ထားသော အလှကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအားစစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)