ကလိန်အောင်မြို့တွင် ရော်ဘာရာသီ ကုန်ဆုံးခါနီးအချိန်၌ ရော်ဘာအဝယ်လိုက်၍ ဈေးကောင်းရသောကြောင့် ခြံရှင်များ အဆင်ပြေ

ကလိန်​အောင် ဇွန် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ယခုနှစ် ရော်ဘာရာသီ ကုန်ဆုံးခါနီးအချိန်၌ အဝယ်လိုက်ပြီး ဈေးကောင်းရနေသောကြောင့် တစ်နိုင်တစ်ပိုင် ရော်ဘာခြံ လုပ်ကိုင်သူများ၊ ခြံသီးစား ဝယ်ယူလုပ်ကိုင်သူများ၊ ထက်ဝက်စားစနစ်ဖြင့် အစေးခြစ်ယူသူများတို့ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရော်ဘာခြံစိုက် တောင်သူထံမှ သိရသည်။

"ဒီနှစ်ရာသီစဖွင့်တဲ့အချိန်က ဈေးကောင်းရတယ်လို့ပြောရမယ်၊ ကြားထဲမှာ တစ်ပေါင်ကို ၁၃၀၀ လောက် ကျသွားသေးတယ်၊ ရာသီအကုန် ဖေဖော်ဝါရီလလောက်စပြီး ဈေးပြန် ရလာတာ အခု‌ပေါက်ဈေးက အလွတ်တစ်ပေါင်ကို ၁၄၇၀ ရပါတယ် ဈေးရတာ အများဆုံးလို့ပြောရမယ်၊ မှိုင်းဈေးနဲ့ နေလှမ်းဈေးက သိပ်မကွာဘူး မှိုင်းတင်ရင် အလုပ် ပိုများတယ်၊ ဒါကြောင့် ခြံရှင် အများစုက မှိုင်းမတင်ဘဲ ရောင်းကြတယ်" ဟု ကလိန်အောင်မြို့မှ တစ်နိုင်တစ်ပိုင် ရော်ဘာခြံ လုပ်ကိုင်သူ ဦးအောင်သန်းက ပြောသည်။

ယခင်နှစ်က ရော်ဘာတစ်ပေါင် ၉၅၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ် ခြံဖွင့်ကာလတွင် ၁၁၅၀ ကျပ်ဝန်းကျင် ဈေးနှုန်းရှိခဲ့ကြောင်း ယခုရာသီ ကုန်ခါနီးအချိန်၌ အဝယ်လိုက် လာသောကြောင့် အမြင့်ဆုံးဈေးဖြစ်သည့် ၁၄၇၀ ကျပ်ခန့် ဈေးပေးဝယ်ယူနေကြောင်း ရော်ဘာရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ရာသီကုန်ခါနီးမှာဘဲ ကော့သောင်းဘက်က ကုန်သည်တွေ အော်ဒါအမှာတွေ များလာတာ ကြောင့် ဈေးလိုက်လာတာ‌ပေါ့၊ ဝယ်ယူသူရဲ့ လိုအပ်ချက်ကြောင့် ဈေးရတာလို့  မြင်ပါတယ်၊ ရော်ဘာအထွက်နှုန်း နည်းလာတယ်လို့ ဆိုရပေမယ့်လည်း မိုးရာသီကာလတွင် မိုးရွာ‌သောကြောင့် ရော်ဘာမခြစ်ပဲ နားနေတဲ့ခြံ‌တွေ့လဲ ရှိပါတယ်" ဟု ကလိန်အောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ ဝင်းသစ္စာရော်ဘာ ရောင်းဝယ်ရေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူ ဒေါ်‌လေးလေးနွယ်က ပြောသည်။ လက်ရှိအချိန်တွင် ကလိန်အောင်မြို့အတွင်း ရော်ဘာမှိုင်းခံပြီး တစ်ပေါင်လျှင် ၁၄၀၀ ကျပ်၊ နေလွတ် တစ်ပေါင် ၁၄၇ဝ ကျပ်နှင့် နေလှန်း တစ်ပေါင်လျှင် ၁၃၅၀ ကျပ်နှုန်းတို့ဖြင့် ဈေးပေါက်နေပြီး ဒေသအလိုက် ဈေးနှုန်းများလည်း ကွာခြားကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)