ဆိပ်ဖြူမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများသို့ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းများအတွက် ထောက်ပံ့ငွေများပေးအပ်

ဆိပ်ဖြူ ဇွန် ၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မေလ ၃၀ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် လူနေအိမ်များပြိုလဲခြင်း၊ အိမ်အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုများနှင့် မိသားစုဝင်များသို့ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက လေဘေးသင့်အိမ်ထောင်စုများနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ ဒေသခံပြည်သူများအနေဖြင့် ပြောင်းလဲလာသည့် သဘာဝပတ်ဝန်းကျင်အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာနအသီးသီးမှ ရာသီဥတုဆိုင်ရာအသိပေးနှိုးဆော်မှုများ လိုက်နာဆောင်ရွက်ရေးနှင့်၊ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနအသီးသီးထံသို့ အချိန်မီသတင်းပေးပို့ အကူအညီရယူဆောင်ရွက်နိုင်ရန် အသိပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဖြူလဲ့ဇင်က လေဘေးသင့်အိမ်ထောင်စုများနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးပြိုကျခြင်းအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် အိမ်ဆောက်ပစ္စည်း၊ မိသားစုဝင်များအတွက်(၇)ရက်စာ ဆန်ရိက္ခာထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းက လေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်က လေဘေးသင့်အိမ်ထောင်စုများအတွက် (၇)ရက်စာ ဆန်ရိက္ခာထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်၌ မေလ ၃၀ ရက်နေ့ လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် လူနေအိမ်(၁)လုံး၊ တိုက်နံရံပြိုကျမှု(၁)ခု၊ လူနေအိမ်(၉၄)လုံးအမိုးလန်ခြင်းအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၃၆၃၀၀၀)ကျပ်၊ အိမ်ထောင်စုရှိလူဦးရေ (၃၈၆) ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာထောက်ပံ့ငွေ(၈၁၀၆၀၀)ကျပ်၊ စုစုပေါင်း(၄၁၇၃၆၀၀)ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက ပြောကြားသိရှိရသည်။

ကိုဇွဲ(အညာမြေ)