မော်လိုက် ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ “ကမ္ဘတစ်ဝှမ်းမှာ များသူငါ၊ သစ်ပင်စိုက်ပါ သင့်ဝန်တာ” ၊ “သက်ရှိလောက တည်မြဲဖို့၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့” အစရှိသည့် ဆောင်ပုဒ်များနှင့် အညီ ၂၀၂၃ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ(ခရိုင်အဆင့်)ကို ယမန်နေ့ နံနက်(၈)နာရီအချိန်က သစ်တောဦးစီးဌာနက ကြီးမှူး၍ အထက ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ရာသီဥတု ကောင်းမွန်မျှတရေး ၊အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိရေးတို့ကို ရည်ရွယ်၍ မော်လိုက်ခရိုင် ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ထွန်း(၁)တို့ကဦးဆောင်၍ ကျွန်းပင်(၅၀၀)၊ ပိတောက်ပင်(၂၅၀) စုစုပေါင်း ပျိုးပင်(၇၅၀)ပင်တို့ကို ပေးအပ်ပြီး၊ တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး စုပေါင်းစိုက်ပျိုး ခဲ့ကြကာ တာဝန်ရှိ သူများက သစ်ပင်စိုက်ပျိုးနေမှုများကိုလှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမုံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သစ်တောဦးစီးဌာနမှထုတ်ဝေသည့်လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)