ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားဦးရေပေါင်း နှစ်သောင်းကျော် တက်ရောက်ပညာသင်ကြား

ပွင့်ဖြူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ဇွန် ၅ ရက်နေ့အထိ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်းနှစ်သောင်းကျော် စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။    

ပွင့်ဖြူမြို့နယ်အတွင်း ယခု ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာပညာဆည်းပူးသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ၂၀ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၁၂ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၀ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀၇ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ၅ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်း၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း ၁၆၉ ကျောင်းဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိပြီး ဇွန် ၅ ရက်နေ့အထိ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၁၈၂၀၀ ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၆၀၉၇ ဦး၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၂၆၆၅ ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ ၂၆၉၆၂ ဦး စိတ်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး(ယာယီ) ဦးဝင်းဌေးထံမှ သိရသည်။

ထို့သို့ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းလုံခြုံရေးဆိုင်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တာဝန်သိပြည်သူများနှင့် ကျောင်းသားကျောင်းသူမိဘများက ဝိုင်းဝန်းပူးပေါင်းကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ကျောင်းတက်/ကျောင်းဆင်းချိန်များ၌ ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများကို နေ့စဉ် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။    

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)