ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၆

၂၀၂၃ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပလတ်စတစ်များသည် လူသားတို့အတွက် အကျိုးပြုသလို ၎င်းတို့ကို စတင်ထုတ်လုပ်သည်မှစ၍ စွန့်ပစ်သည်အထိ လူသားနှင့် ပတ်ဝန်းကျင်အပေါ် များစွာဆိုးကျိုးသက်ရောက်နိုင်ပြီး ဆွေးမြေ့ရန်ခက်ခဲခြင်း၊ ထုတ်လုပ်စဉ်နှင့် မီးရှို့ဖျက်ဆီးချိန်တွင် အီသိုင်လင်းအောက်ဆိုဒ်နှင့် ဒိုင်အောက်ဆင်ကဲ့သို့ အဆိပ်ဓါတ်ငွေ့များ ထွက်ရှိကြောင်း၊ ယင်းအဆိပ်ဓါတ် ငွေ့များသည် လူခန္ဓာကိုယ်၏ သွေးနှင့်ဆီးထဲသို့ ဝင်ရောက်ကာ မျိုးပွားစနစ်ကို ထိခိုက်စေနိုင်ပြီး ကင်ဆာ ရောဂါများဖြစ်စေနိုင်ကြောင်း၊ ပလတ်စတစ်များကို မြေကြီးထဲစွန့်ပစ်ပါက မြေထုအရည်အသွေးကျဆင်းခြင်း၊ သီးနှံပင်များ အထွက်နှုန်းနှေးခြင်း၊ အသီးမြုံခြင်းများ ဖြစ်စေနိုင်သကဲ့သို့ ရေထဲစွန့်ပစ်ပါက ရေထဲရှိ အောက်စီဂျင်ဓာတ် လျော့နည်းခြင်း၊ ရေနေသတ္တဝါများအတွက် အန္တရာယ်ရှိခြင်းများ ဖြစ်စေနိုင်သဖြင့် ပလတ်စတပ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူပေါင်းဖြေရှင်းဆောင်ရွက်စို့ ဆောင်ပုဒ်အတိုင်း လူသားတိုင်းတွင် တာဝန်ရှိကြောင်း၊ မိမိတို့လူသားအားလုံး မှီတင်းနေထိုင်သည့် ကမ္ဘာကြီးကို ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာသည့် ပတ်ဝန်း ကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရေး လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိများကြွယ်ဝပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပြုအမှုများကို အလေ့အကျင့်မှ အလေ့အထဖြစ်သည်အထိ ကျင့်သုံး၍ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

  ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေ သောဆုရရှိသည့် အခြေခံပညာကျောင်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပထမ၊ဒုတိယ၊ တတိယဆုရ ကျောင်းသား/သူများအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကာ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ ဆက်)