ကော့သောင်း ဇွန် ၆
၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခန့်က ကော့သောင်းမြို့အဏ္ဏဝါရပ်ကွက်ရှိ မဥ္ဇူသကခန်းမတွင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်ရေးဆပ်ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးအောင်မှ အဖွင့်အမှာစကား ပြောကြားရာ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆောင်ရွက်ချက်များအကြောင်းပြောကြားပြီး ယခုနှစ်၂၀၂၃ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်သည် "ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့"ဖြစ်သည့်အတွက် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့်လူသားတို့အပေါ် သက်ရောက်သည့် ဆိုးကျိုးများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ခြင်း၊ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း၊ တစ်ကိုယ်ရည် အမှိုက်စွန့်ပစ်မှုလျှော့ချခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိသောခိုင်လုံသည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်များအား တီထွင်ဆန်းသစ် လုပ် ဆောင်မှုများဖြင့် "ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့"ဟူ၍ တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကုလသမဂ္ဂအထွေထွေအတွင်းမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ ဗီဒီယို၊၂၀၂၃ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နေ့ အသိပညာပေးဗီဒီယိုများကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအမြင်များ ပိုမိုပြန့်ပွားစေရေးနှင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများပေါ်ထွန်းလာစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးထံသို့ ကမ္ဘာမြေကို ထိန်းသိမ်းခြင်းရုပ်ပြကာတွန်းအုပ်ရေ(၁၀၀)နှင့် အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ် ဆရာလက်စွဲ Level(I,II,III,IV,V&Summary)(၁)စုံအားပေးအပ်ခဲ့သည်။
ပြီးနောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တင်ရောက်လာကြသူများက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)