လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

လှိုင်းဘွဲ ဇွန် ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာသင်ယူကြမည့် အသက်(၅)နှစ်မှ အသက်(၁၈)အတွင်း ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်၊တစ်ခါမျှထိုးနှံဖူးခြင်းမရှိသေးသည့် ကလေးငယ်များကို ပထမအကြိမ် ထိုးနှံပေးပြီး ပထမအကြိမ်၊ ဒုတိယအကြိမ်ထိုးနှံပြီးခဲ့သော ကျောင်းသား၊ကျောင်းသူလေးများအား ထပ်ဆောင်းကာကွယ်ဆေး(Booster dose) ကို ထိုးနှံပေးခြင်း ဖြစ်သည်။

အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများညှိနှိုင်း၍ ဆေးထိုးရက်သတ်မှတ်ခဲ့ကြခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

လင်းသန့်(ပြန်/ဆက်)