တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ထားဝယ်     ဇွန်

ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ဟူသောဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများဝိုင်းဝန်း ပူးပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၁၉၇၂ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကုလသမဂ္ဂကကြီးမှူးပြီး ပထမဆုံးအကြိမ် လူသားနှင့်ပတ်ဝန်းကျင်ညီလာခံကြီး (United Nation Conference on Human and Environment) ကို ကျင်းပခဲ့ကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများပူးပေါင်း၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်နိုင်ရန် ပထမဆုံးအကြိမ်စုဝေးကျင်းပသော သမိုင်းဝင်ညီလာခံ တစ်ရပ်ဖြစ်သည့် ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင် နှစ်(၅၀) ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်းတနင်္သာရီတိုင်းသည် မြောက်မှတောင်သို့ ကျဉ်းမြောင်းပြီး ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းများ  အရှေ့ဘက်တွင် တနင်္သာရီရိုးမနှင့်အနောက်ဘက်တွင် ကပ္ပလီပင်လယ် တည်ရှိသောကြောင့် စွန့်ပစ်အမှိုက်များအား အလွယ်တကူ စည်းကမ်းမဲ့စွာစွန့်ပစ်မည်ဆိုပါက ချောင်း၊ မြောင်းနှင့် မြစ်များမှတစ်ဆင့် ကပ္ပလီပင်လယ်အတွင်းသို့ ရောက်ရှိကာ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရရှိစေရန်ရည်ရွယ်ပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်အား ရေးဆွဲအတည်ပြုထားပြီးဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာအခြေခံ ကောင်းများကိုကျောင်းသားလူငယ်များပိုမို သိရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဘာသာရပ်အား တည့်သွင်းပေါင်းစပ်သင်ကြားနိုင်ရန်အတွက် အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာများ လက်ဆွဲစာအုပ်အစုံရေ(၅၀၀)၊ အုပ်ရေ(၃၀၀၀)ကို တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနသို့လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ ဟူသောဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများကို လုပ်နိုင်သည်ကစ၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာသောဧည့်သည်တော်များအား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဗီဒီယိုနှင့်  ၂၀၂၃ ခုနှစ်၊  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာ ပေးဗီဒီယိုအားပြသသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တိုင်းဒေသကြီးဝန်ကြီးများတို့က တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(စံပြကျေးရွာ )ဆုနှင့် စက်ရုံဆု၊ Clean & Green School Award အထက်တန်းနှင့်မူလတန်းအဆင့်ဆု၊ အခြေခံပညာ အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးဆုနှင့် သရု်ပဖော်ပန်းချီ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာများ လက်ဆွဲစာအုပ်အားပေးအပ်ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)