မုံရွာ ဇွန် ၅
ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ထာဝစဉ်လှုပ်ရှားလည်ပတ်နေသည့် ဂေဟစနစ်များ ရရှိစေရန်အတွက် တာဝန်သိသိ၊ အသိတရားရှိရှိ စိတ်ဓာတ်ဖြင့် သဘာဝပတ်ဝန်းကျင်အား ပြည်သူများအနေဖြင့် တန်ဘိုးထားပြီး ထိန်းသိမ်းကြစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက “၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်မှာ “ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဟု သတ်မှတ်ထားပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ မြို့ပြများတိုးချဲ့လာခြင်း၊ လူနေမှုအဆင့် အတန်းမြင့်မားလာခြင်းတို့ကြောင့် ပလတ်စတစ် ညစ်ညမ်းမှုအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာအား ရင်ဆိုင်ကြုံတွေ့ နေကြရပါကြောင်း၊ နည်းပညာဖွံ့ဖြိုးပြီး လူနေမှုအဆင့်အတန်းမြင့်မား လာခြင်းနှင့် နေထိုင်မှုပုံစံ ပြောင်းလဲလာခြင်းတွေကြောင့် ပလတ်စတစ်များအား ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြပြီး ပလတ်စတစ်ထုတ်ကုန်များသည် လူသား တို့၏ နေ့စဉ်ဘဝတွေမှာ မရှိမဖြစ်အခြေခံလိုအပ်သည့် အစိတ်အပိုင်းတစ်ခုဖြစ်လာပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း ၄၀၀ ကျော်ထုတ်လုပ်လျက်ရှိပြီး အဆိုပါ ပမာဏ၏တစ်ဝက်အား တစ်ကြိမ်သာအသုံးပြုရန် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ပါကြောင်း၊ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းအောက်ကိုသာ ပြန်လည်အသုံးပြုလျက်ရှိပါကြောင်း၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်းများအား ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူလူထုတစ်ဦးချင်းသာမက အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများအားလုံး၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည်လည်း အလွန်အရေးကြီးပါ ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအား ရှင်းလင်းတင်ပြပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အားပြသခြင်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာ Video Clip အားပြသသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံဆုများနှင့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေး အပ်ချီးမြှင့်ကြပြီး တာဝန်ရှိသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော စက်ကိရိယာများ၊ စာအုပ်၊ စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများ ပြသထားမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ သည် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း-အလုံရှိ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေး သင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း-အလုံနှင့် အောင်ချမ်း သာရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)