ဘားအံ ဇွန် ၅
“များများလေ့ကျင့်၊ များများယှဉ်ပြိုင်၊ အောင်မြင်မှုပန်းတိုင်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားကစား ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးခြင်းဖြင့် အားကစားသမားများလေ့ကျင့်သားပြည့်ဝလာကာ ပြိုင်ပွဲအတွေ့အကြုံများရင့်ကျက်၍ အောင်မြင်မှုများရရှိလာနိုင်မည်ဖြစ် ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့နံနက် ၈ နာရီခန့်က ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူးဆယ်ပြိုင်ပွဲ ဖွင့်ပွဲတွင် ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၇)သင်း အားကစားသမား ၁၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်အားကစားနည်းဖြင့် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများ ဖြစ်ကြပါစေကြောင်း၊ မြို့နယ်ပေါင်းစုံမှပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် မိမိတို့ကိုယ်စားပြုမြို့နယ် အသင်းအောင်နိုင်ရေးအတွက် ဥပဒေဘောင်အတွင်းမှ ကြိုးစားယှဉ်ပြိုင် ကစားကြစေလိုကြောင်း ဆက်လက်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲတွင် ပါဝင်ကူညီတီးခတ်ဖျော်ဖြေပေးပါသော အ.ထ.က (၃)ဘင်ခရာအဖွဲ့နှင့်ပန်းပွားအကအဖွဲ့တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အဖွင့် ပွဲစဉ်အဖြစ် ဘားအံမြို့နယ် ဖူဆယ်အသင်းနှင့် ဖာပွန်မြို့နယ်ဖူဆယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်ဖူဆယ်အသင်းက ၁၂ ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အတွင်း ပလတ်စတစ်အပါအဝင် စွန့်ပစ်အမှိုက် တစ်နှစ်လျှင်ခန့်မှန်း တန်ချိန် ၈၅၀၄၅ တန်ခန့်ထွက်ပြီး တစ်ရက်လျှင် စွန့်ပစ်ပလတ်စတစ်ပစ္စည်း (၁၀)တန်ခန့်အား အသုံးပြုကာ လောင်စာခဲ (၃)တန်ခန့်အဖြစ်ပြောင်းလဲ၍ ဓာတ်ဆီ၊ ဒီဇယ်စသည့် စွမ်းအင်အရင်း အမြစ်များနေရာတွင် အစားထိုးအသုံးပြုနိုင်ရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။
အဆိုပါအခမ်းအနားကို “ပလက်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပလတ်စတစ်အသုံးပြု ခြင်းကိုလျှော့ချနိုင်မည့်နည်းလမ်းများနှင့်ပတ်သက်ပြီး လစဉ်အခြေခံပညာကျောင်းများ၊ လူနေရပ် ကွက်/ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများတွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိ သကဲ့သို့ Smart Village စီမံကိန်းပါ ကျေးရွာ(၃)ရွာတွင် ပြန်လည်တီထွင်အသုံးပြုနိုင်သော စွန့်ပစ်အမှိုက်အိမ်များလှူဒါန်း၍ အသိပညာပေးဆောင် ရွက်မှုနှင့် အခြေခံပညာကျောင်းများတွင် စွန့်ပစ်အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ကိုထည့် သွင်းပေါင်းစပ် နိုင်ရန်နှင့်လူငယ်များအကြား ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြည်နယ်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအား ဂုဏ်ပြုဆု ချီးမြှင့်သည့်အစီအစဉ်တစ်ရပ်ကို သတ်မှတ်စံနှုန်းများ၊ အညွှန်းကိန်းများနှင့်အညီ ပြည်နယ်အဆင့်ဆုစိစစ် ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းကာရွေးချယ်ခဲ့ ပြီးဖြစ်ကြောင်း၊ လူတစ်ဦးချင်း ပလတ်စတစ်သုံးစွဲမှု၊ ထုတ်လုပ်မှုများကို လျော့နည်း ပပျောက်လာအောင် အမူအကျင့်တစ်ခုအနေဖြင့်လိုက်နာဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရန်နှင့် လူသားတို့၏ ကျန်းမာရေးကိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပလတ်စတစ်အသုံးပြုမှုကို ငြင်းပယ်ခြင်း၊ လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်း၊ ပြန်လည်တီထွင်အသုံးပြုခြင်း၊ Revycle ပြုလုပ်ရာ နေရာသို့ အရောက်ပြန်လည်ပို့ ဆောင်ခြင်းဟူသော 5Rs စနစ်ဖြင့် ပလတ်စတစ်အမှိုက်များကို စနစ်တကျစွန့်ပစ်သွားနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာနှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင် ညွှန်ကြားရေးမှူး၏သဝဏ်လွှာတို့ကို ဗီဒီယိုဖြင့်ပြသပြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ်အသိပညာပေးဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင်ဆုရရှိကြသူများ၊ သန့်ရှင်းစိမ်းလန်းစိုပြည်သောဆုရကျောင်းများ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ကမ္ဘာ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်း အနားကျင်းပနိုင်ရေး ပူးပေါင်းကူညီပေးကြသော ဌာနဆိုင်ရာများ၊ ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ သန့်ရှင်းစိမ်းလန်းစိုပြည်သောဆုရကျောင်းများ၏ဗီဒီယိုဖိုင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့၊ နေရာဒေသ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၏ ဗီဒီယိုဖိုင်များကို ပြသခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ်ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)