ပေါင်းတည် ဇွန် ၅
ယခုနှစ်တွင် ပဲစားသုံးမှုများသော နိုင်ငံများသည် ယမန်နှစ်များထက် မြန်မာနိုင်ငံမှ ပဲမျိုးစုံကို ပိုမိုဝယ်ယူနေကြ၍ ပဲစျေးကွက်၌ ဝယ်လိုအား ပိုမိုဖြစ်ထွန်းလျက် ပဲစျေးနှုန်းလည်း ကောင်းမွန်နေကြောင်း ဒေသတွင်း ပဲစျေးကွက် လေ့လာသူများထံမှ သိရသည်။
ယင်းသို့ အိန္ဒိယအပါအဝင်ပြည်ပနိုင်ငံများမှ ပိုမိုဝယ်ယူလာမှုကြောင့် ပဲစိုက်ပျိုး ထုတ်လုပ်မှု များသော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ အခွင့်အလမ်းကောင်းများ ရရှိကာ အကျိုးဖြစ်ထွန်းခဲ့ကြကြောင်း၊ ယခုနှစ်တွင် မြို့နယ်အတွင်း၌ မတ်ပဲအထွက်နှုန်း တစ်ဧကလျှင် ပျှမ်းမျှတင်း ၂၀ နီးပါးသာ ထွက်ရှိ၍ အထွက်နည်းပါးခဲ့ကြသော်လည်း ပဲပေါ်ချိန်တွင် တစ်တင်းလျှင် ကျပ်ခြောက်သောင်းကျော်နှုန်းဖြင့်မှ စတင်ကာ ဆက်လက်၍ ပဲစျေး ကောင်းခဲ့သောကြောင့် တောင်သူများအနေဖြင့် တစ်တင်းလျှင် ကျပ်ခုနစ်သောင်းကျော်ဖြင့် ယနေ့အထိ စျေးကောင်းရလျက်ရှိကြောင်း၊ ယင်းအခြေအနေများကြောင့် မြန်မာတောင်သူ များသည် ယမန်နှစ်များထက် ပဲအထွက်နှုန်း နည်းသော်လည်းဝင်ငွေ မနည်းခဲ့ပဲ ဝင်ငွေ တိုးပွားခဲ့ကြောင်း သိရသည်။
ဒေသတွင်း ပဲစျေးကွက်၌ လတ်တလောအချိန်တွင် မတ်ပဲတစ်တင်းလျှင် ကျပ် ခုနှစ်သောင်းကျော်၊ ပဲတီစိမ်းတစ်တင်းလျှင် ကျပ်ခုနစ်သောင်းကျော်၊ ပဲစဉ်းငုံတစ်တင်းလျှင် ကိုးသောင်းခွဲခန့်နှင့် ကုလားပဲတစ်တင်းလျှင် ကျပ်ရှစ်သောင်းခန့်တို့ဖြင့် ဒေသပေါက်စျေး အသီးသီးဖြစ်ပေါ်လျက်ရှိသော်လည်း ပဲအထွက်နှုန်း နည်းပါးမှုကြောင့် တောင်သူများထံမှ ပဲအဝင်နည်းပါးသွားကြောင်း ဒေသခံ ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ကိုင်နေကြသော ရွှေမန်း၊ ရွှေလေး၊ အောင်မြန်မာ၊ ရတနာကြွယ်နှင့် မြန်မာကြီးအဝယ်ဒိုင်များထံမှ သိရသည်။
သူရကြီး(ပြန်/ဆက်)