ပွင့်ဖြူ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးတောင်သူများ သီးနှံအထွက်နှုန်း တိုးပွားစေရေးအတွက် တောင်သူအသိပညာပေး တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျင်းပပြလုပ် ခဲ့သည်။
အဆိုပါ တောင်သူအသိပညာပေးဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာနှင့် ကန်ပြည့်ကျေးရွာတို့မှ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်းက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဒေသခံတောင်သူများ မိုးသီးနှံစိုက်ပျိုးရာသီကာလ ဝါသီးနှံစိုက်ပျိုးရာတွင် တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရန်အချက်များ၊ သီးနှံပေါ်ချိန်၌ အဆင်ပြေစွာ ရောင်းချနိုင်ရေး ဈေးကွက်ချိတ်ဆက်ရမည့် နည်းလမ်းများ၊ စိုက်ပျိုးထွက်ရှိသည့် ဝါသီးနှံများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ဆောင်ရန်အချက်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို တောင်သူအသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက မိုးသီးနှံစိုက်ပျိုးရာသီချိန် ဝါစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးရေး၊ မျိုးကောင်းမျိုးသန့်မျိုးစေ့ အဆင်ပြေစွာ ဝယ်ယူရရှိရေး၊ ဝါသီးနှံပေါ်ချိန်ကာလများတွင် ဈေးကွက်ရရှိရေးနှင့် အဆင်ပြေစွာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းလိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ မြို့နယ်စားသုံးသူရေးရာ တာဝန်ခံနှင့်ဝန်ထမ်းများက အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး (၂/၂၀၁၉) စားသုံးသူ ကာကွယ်ရေးဆိုင်ရာဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များကို တောင်သူများထံ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို ကန်ပြည့်ကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ကျွဲတိကျေးရွာ၊ ကုလားဟောင်းကျေးရွာနှင့် ရေပုတ်ကလေး ကျေးရွာတို့တွင် စိုက်ပျိုးကြကြောင်းသိရပြီး ယခု ၂၀၂၃-၂၀၂၄ မိုးသီးနှံ စိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး ချည်မျှင်ရှည်ဝါသီးနှံစိုက်ဧက ၁၅၃၅ ဧကလျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )