ပေါက်ခေါင်းမြို့နယ်ရှိ နွေစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ပေါက်ခေါင်း      ဇွန်     ၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် နွေစပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရန်အတွက် တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေများကို မတ်လ ၁ ရက်နေ့မှစတင်၍ဖြန့်ဝေပေးခဲ့ပြီး တောင်သူများမှ ထွန်ယက်စိုက်ပျိုးခဲ့ရာ ယခုအခါနွေစပါးစိုက်ခင်းများ ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

"ခုနှစ်နွေစပါး ၇ ဧကကိုမတ်လကုန်မှာအပြီးစိုက်ပျိုးထားတယ်၊ ခုဆိုရင်စပါးသက်တမ်းက ၂ ကျော်ပြီ၊ ၂ လအတွင်းမှာပေါင်းမြက်ရှင်းတာ၊ မြေဆီကျွေးတာအားလုံးအပြီးဆောင်ရွက်ပြီးပါပြီ၊ ၁ ဧကကုန်ကျစရိတ်က စပြီးထွန်ယက်တာကစ ထွန်စက်ငှားပြီးအသုံးပြုရတာ ကျန်တဲ့မြေဆီဖိုး၊ ပေါင်းသတ်ဆေးဖိုးနဲ့ ရိတ်သိမ်းခြွေလှေ့ပြီးသည်အထိ ကျပ်(၇)သိန်းခန့်ကုန်ကျပါတယ်၊ စပါးပေါ်ချိန် တစ်ဧကတင်း ၈၀ ထွက်မယ်ဆိုရင်တော့ခုစပါးဈေးနဲ့ဆို ၇ သိန်းခွဲလောက်တော့အမြတ်ကျန်ပါတယ်၊ စပါးမျိုးတွေကတော့ GW-11,ရတနာတိုးစပါးမျိုးကိုစိုက်တယ် စပါးစိုက်ခင်းတွေအားလုံးပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းပါတယ်၊ နောက်ထပ် တစ်လခွဲနေရင်စပါးတွေရင့်မှည့်ပြီးရိတ်သိမ်းတော့မှာပါ " ဟုချောင်းကောင်းကျေးရွာနွေစပါးစိုက်တောင်သူ ဦးချိုမြင့် ကပြောသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်ယခုနှစ်နွေစပါးဧက(၁၁၄၂၄)ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)