ပခုက္ကူမြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပခုက္ကူ ဇွန် ၅

“ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က “လူသားများအား လုံးမိမိတို့၏ လူနေမှုဘဝအဆင့်အတန်းတိုးတက်မြင့်မား လာရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ စက်မှုတော်လှန်ရေးနောက်ပိုင်း ကာလများတွင် လူမှုစီးပွားဘဝဆင့်ကဲဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုစသည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း၊ ကမ္ဘာပေါ်တွင် အသုံးပြုနေသည့် ပလတ်စတစ်သည် လူသားအားလုံး၏ ကျန်းမာရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ကိုထိခိုက်စေပြီး ဂေဟစနစ်မျိုးစုံကိုလည်း ညစ်ညမ်းစေကြောင်း၊ ပလတ်စတစ်၏ ဆိုးကျိုးများကိုသိရှိပြီး ဖြေရှင်းဆောင်ရွက်နိုင်ရေး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်ဆောင်ပုဒ်ကို “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” (Solutions to Plastic Pollution) ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ သဘာဝပတ်ဝန်း ကျင်နှင့်ဂေဟစနစ်များ ပြန်လည်ကောင်းမွန်ရေးသည် လူသားများအပါအဝင် သက်ရှိအားလုံးတို့ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဓိကအချက်တစ်ခုဖြစ်ကြောင်း၊ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် သိသာထင်ရှားစွာ ဆိုးကျိုးသက်ရောက် စေသောကြောင့် မူဝါဒပိုင်းဆိုင်ရာ ထိန်းချုပ်ဆောင်ရွက်ရာမှာဖြစ်သလို ပြည်သူတစ်ဦးချင်းစီကလည်း သုံးစွဲမှု၊ လျော့ချခြင်း၊ ငြင်းပယ်ခြင်း၊ အစားထိုးသုံးစွဲခြင်းစသော အလေ့အကျင့်ကောင်းများ ပြုမူဆောင်ရွက်ကြရန် လိုအပ်ကြောင်း” တိုက်တွန်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်နှင့်အမှိုက်ပုံးများအား အခြေခံပညာကျောင်းများနှင့် အသိပညာပေးလက်ကမ်း စာစောင်ကို ဌာနဆိုင်ရာ တာဝန်ရှိသူများကို အသီးသီးပေးအပ်ကြသည်။

ထို့နောက် ပခုက္ကူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးလမင်းသန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အထိမ်းအမှတ် ဗီဒီယိုကို Projector ဖြင့် ပြသခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)