ပြည်မြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပြည် ဇွန် ၅

၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက် ယနေ့တွင်ကျရောက်သော "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများတက်ရောက်သည်။

အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချူပ်၏ ၂၀၂၃ ခုနှစ်၊ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် သဝဏ်လွှာဗီဒီယိုင်ဖိုင်အား ဖွင့်လှစ်ပြသခဲ့သည်။

ဆက်လက်၍ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်မှ ဒါရိုက်တာပြောကြားသည့် ဗီဒီဖိုင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်" အသိပညာပေးဗီဒီယိုဖိုင်တို့ကို ဖွင့်လှစ်ပြသပြီး  "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

ယခု ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာ "ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" "Solution to Plastic Pollution" ဖြစ်ပြီး ပြည်ခရိုင်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများပြုလုပ်ခြင်း အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်အသုံးပြုမှုလျော့ကျရေး အသိပညာပေး Talk Show စကားဝိုင်းပြုလုပ်ခြင်းနှင့် အထိမ်းအမှတ်နေ့ အခမ်းအနားတို့ကို ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)