ပွင့်ဖြူ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ စိုက်ပျိုးရေ အဆင်ပြေမှု ကြောင့် ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းမွန်ခြင်းနှင့် ငှက်ပျောဈေးကွက် အရောင်းအဝယ် ကောင်းမွန်လာ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ငှက်ပျောစိုက်ပျိုး တောင်သူများထံက သိရသည်။
ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံကျေးလက်နေတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲလွမ်း၊ ပဲကြီး၊ ပဲနောက်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် အခြား စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများမှာ ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျောတို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ်တွင် ငှက်ပျောဈေးကွက်၌ ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် ငွေကျပ် ၁၂၀၀ ဈေးဖြင့် ရောင်းချရ၍ ငှက်ပျောစိုက်ပျိုးတောင်သူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးသည်များ ဝင်ငွေကောင်းမွန်ကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ယခုနှစ်မှာ ပွင့်ဖြူမြို့နယ်က ငှက်ပျောစိုက်ပျိုးတောင်သူတွေ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာတယ်။ ပြီးခဲ့တဲ့နှစ်က ငှက်ပျောဈေးကွက် အရောင်းအဝယ် မကောင်းခဲ့ဘူး။ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၆၀၀၊ ၇၀၀ ဈေးနဲ့ ရောင်းချခဲ့ရတယ်။ ယခုနှစ်မှာတော့ ဈေးကွက်ပြန်လည် ကောင်းမွန်လာပြီး ဖီးကြမ်းငှက်ပျောတစ်ဖီးကို ငွေကျပ် ၁၂၀၀ ဈေးနဲ့ ရောင်းချနေရလို့ စီးပွားရေးတွက်ခြေ ကိုက်တယ်ပြောရမှာပေါ့။ ကျွန်တော်တို့ဒေသမှာ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ငှက်ပျောကတော့ ဖီးကြမ်းငှက်ပျောပဲဖြစ်ပါတယ်။ ဖီးကြမ်းငှက်ပျောက စားသုံးသူ အကြိုက်တွေ့ပြီး ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက ဖီးကြမ်းငှက်ပျောကိုပဲ အားထားစိုက်ပျိုးကြတယ်ဗျ။ ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းက ကျွန်တော်တို့ဒေသမှာ စိုက်ပျိုးရေ အဆင်ပြေတော့ အောင်မြင်ဖြစ်ထွန်းမှုလဲရှိတယ်။ ခုလို ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန် လာတဲ့အတွက် ဒေသခံတောင်သူတွေနဲ့ တစ်ဆင့်ပြန်လည် ရောင်းချတဲ့ ဈေးသည်တွေရော လုပ်ငန်းအဆင်ပြေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူ ဦးကျော်ဆန်းက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )