ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တွင် စံချိန်စံညွှန်းမီ မျိုးစပါးထွက်ရှိရေး ကွင်းဆင်း စစ်ဆေး

ကျောက်ထု အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသ လယ်ဆောကျေးရွာတွင် ဆင်းသုခစပါး မျိုးသန့်၊ မျိုးပွါးထုတ်လုပ်နိုင်ရေး လယ်မြေ ၃၅ ဧကတွင် စိုက်ပျိုးထားရာ မျိုးကွဲပယ်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ဓာတ်မြေသြဇာနှင့် သွင်းအားစုများထည့်သွင်းခြင်းတို့ ဆောင်ရွက် လျက် ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ စိုက်ပျိုးရာ ကျောက်ထုမြို့စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာများ ပံ့ပိုးပေးလျက်ရှိပြီး ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများသည် မျိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် ကွင်း အမှတ် (၉) သို့ ယမန်နေ့က ကွင်းဆင်းကြည့်ရှု၍ တောင်သူများနှင့်ပူးပေါင်းကာ လုပ်ငန်းများအား  ဆောင်ရွက်ကြသည်။

ထို့ပြင် တောင်သူများနှင့် တွေ့ဆုံ၍ စံချိန်စံညွှန်းမီ မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကိစ္စ များအား ဆွေးနွေးခဲ့ကြပြီး ယခုအခါ စပါးပင်များ အနှံထွက်ချိန်ဖြစ်၍ မျိုးကွဲများပယ်ခြင်းနှင့် မျှော်မှန်း သီးနှံအောင်စေ့ပြည့်မီရေး နည်းပညာများပံ့ ပိုးပေးခဲ့ကြောင်းသိရသည်။

မောဟေမာန် (ပြန်ဆက်)