ဆိပ်ဖြူ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်လုံးဆိုင်ရာ မဟာပဋ္ဌာန်းအောင်ပွဲ အခမ်းအနားကို မြို့နယ်ကျက်သရေဆောင် ရွှေမင်းဝန် စေတီတော်မြတ်ကြီး၏ သာသနဗိမာန်တော်၌ ယနေ့နံနက် ၇ နာရီက ကျင်းပသည်။
ဆိပ်ဖြူမြို့နယ်လုံးဆိုင်ရာ ဒဿမအကြိမ်မြောက် မဟာပဋ္ဌာန်း ဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ ဇွန်လ ၂ ရက်နေ့ နယုန်လပြည့် မဟာသမယအခါတော်နေ့ နံနက်ပိုင်းအချိန်မှစတင်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ ဆရာတော်သံဃာတော်များက (၇၂) နာရီတိုင်းတိုင် အသံမစဲရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲကို မြို့နယ်သံဃာ့နာယကအဖွဲ့ နာယကဆရာတော် ဘုရားကြီးများ၏ ဩဝါဒလမ်းညွှန်မှုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖဒေသခံပြည်သူများ၊ အလှူရှင်များစုပေါင်း၍ ကျင်းပပူဇော်ခဲ့ရာ ဒဿမအကြိမ်မြောက် မဟာပဋ္ဌာန်းဒေသနာတော်မြတ်ရွတ်ဖတ် ပူဇော်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မဟာပဋ္ဌာန်း ဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားတွင် ကြွရောက်လာသည့် ဧည့်ပရိသတ်များက မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဦးသုစိတ္တထံမှ ငါးပါးသီလခံယူ ဆောက်တည်တော်မူကြသည်။ ထို့နောက် ဒဿမအကြိမ်မြောက် မဟာပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲသို့ ပင့်ဖိတ်ထားသည့် သမာဒေဝနတ်အပေါင်းတို့အား ပြန်လည်ပို့ဆောင်ခြင်း ဂါထာတော်နှင့် မဟာပဋ္ဌာန်းအောင်ဂါထာတော်တို့အား အနောက်တောရကျောင်းတိုက် ဆရာတော်နှင့် ဇမ္ဗူဒီပကျောင်းတိုက်ဆရာတော်တို့က ဆောင်ရွက်ပေးတော်မူခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ နာယကဆရာတော် ဝေဇယန္တာကျောင်းတိုက် ဆရာတော်ဦးဇဝနက ဩဝါဒဆုံးမစကားများ မြွက်ကြားပေးတော် မူခဲ့သည်။
ထို့နောက် ပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့်၊ မဟာပဋ္ဌာန်းပူဇော်ပွဲ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းများအခြေအနေများ ရှင်းလင်းတင်ပြခဲ့ကြပြီး မဟာပဋ္ဌာန်း ဒေသနာတော်မြတ်ရွတ်ဖတ် ပူဇော်ပွဲ၌ ရွတ်ဖတ်သရဇ္စျာယ်ပေးတော်မူသည့် ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်း၊ နေ့ဆွမ်းအလှူရှင်များကို ဗုဒ္ဓဆင်းတုတော်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အသီးသီးပေးအပ်ခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)