ဇီးကုန်း ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ငှက်ပျောပင်မှထွက်ရှိသော ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကားပြောကြားရာတွင် ဇီးကုန်းမြို့နယ်အတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရန်၊ ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်ခိုင်မာတွင် ကျယ်စေရန်၊ သဘာဝစွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်များထုတ်လုပ်နိုင်စေရန် ဆောင်ရွက်လျက် ရှိကြောင်းနှင့် သဘာဝပစ္စည်းများကို မြတ်နိုးစွာသုံးစွဲကြရန်တို့ကိုပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးမြင့်သိန်းမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသားများက လက်ခံရယူ ခဲ့ကြသည်။
အဆိုပါသင်တန်းကို ဇွန်လ ၅ ရက်နေ့မှ စတင်၍ (၁၀) ရက်ကြာ ဦးထုပ်၊ ဖိနပ်၊ ဖျာ၊ လက်ဆွဲအိပ်၊ ဆွဲခြင်း၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်၊ ယပ်တောင်၊ မီးပုံးပြုလုပ်နည်းများ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ပြီး ကျေးရွာများမှ စိတ်ပါဝင်စားသော သင်တန်းသား(၂၅)ဦး တက်ရောက်လျက်ရှိသည်။ အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)