ကံမမြို့ ဆုတောင်းပြည့် ရတနာမာန်အောင် ငါးထပ်ကြီးဘုရား ဘက်စုံပြုပြင် မွမ်းမံတည်ဆောက်ရေး တတိယအကြိမ် အလှူငွေပေးအပ်ပွဲနှင့် ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ

ကံမ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊    ကံမမြို့၊   အမှတ်(၂)ရပ်ကွက်    ကျောင်းကုန်းရပ်၊  ဆုတောင်းပြည့် ရတနာမာန်အောင် ငါးထပ်ကြီးဘုရား   ဘက်စုံပြုပြင်  မွမ်းမံတည်ဆောက်ရေး    (တတိယအကြိမ်) အလှူငွေ ပေးအပ်ပွဲ နှင့် ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါဘုရားဝန်း၌  ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့်ဆရာတော် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာအကြီးအကဲများ၊   အလှူရှင်များနှင့် ဝတ်ရွတ်စဉ် အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဌာနဆိုင်ရာကိုယ်စားပြု ဝတ်ရွတ်စဉ် အသင်းများ၊ ရပ်ကွက်ကိုယ်စားပြု ဝတ်ရွတ်စဉ် အသင်းများက    မြန်မာနှစ်ဆန်း(၁)ရက်နေ့မှ   စတင်၍ နယုန်လပြည့် ကျော်(၂) ရက်နေ့အထိ (၄၉)ရက်တိုင်တိုင် ဝတ်ရွတ်ပူဇော်ပွဲအောင်ပွဲနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားအား    နမောတဿ(၃)ကြိမ်  ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍  မကွေးတိုင်းဒေသကြီး သံဃနာယက ဥက္က (မူလဒွါရ) တောင်စကိုင်းကျောင်းဆရာတော်   သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝနထံမှ ပရိသတ်များက   ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက  သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက အလှူငွေများပေးအပ်ရာ ဂေါပကအဖွဲ့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်  ပဓါနနာယကဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒထံမှ ဩဝါဒကထာအား နာယူကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်  ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)