တောင်တွင်းကြီးမြို့ သာယာလှပစေရေး အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးရန် ဗိုလ်ချုပ်ပန်းခြံ၌ ပျိုးပင်များ ပြုစုပျိုးထောင် ထားရှိ

တောင်တွင်းကြီး ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်ပန်းခြံအတွင်း အရိပ်ရအပင်များနှင့် ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိကြောင်း သိရသည်။

အဆိုပါ ပန်းဥယျာဉ်ခြံတွင် သပြေဘူတ (၇၀၀)ပင်၊ ပန်းမယ်ဇလီ(၂၀)ပင်၊ စိန်ပန်းနီ(၁၀၀၀)ပင်၊ စိန်ပန်းပြာ (၁၀၀၀)ပင်၊ စိန်ပန်းဝါ (၁၀၀၀)ပင်၊ စိန်တံချူ (၁၀၀၀)ပင်၊  စက္ကူပန်း (၂၀၀)ပင်၊ တမာ (၂၀၀၀)ပင်၊ ရေတမာ (၁၀၀၀)ပင်၊ မြတ်ကြား (၅၀၀)ပင်၊ ငုဝါ (၁၀၀)ပင်၊ သပြေဘူတ (၇၀၀)ပင် စသည့် အရိပ်ရပင်များနှင့် ပန်းအလှပင်စုစုပေါင်း (၉၂၂၀)ပင်အား ပြုစုပျိုးထောင်ထားရှိကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်းဦးဆောင်သော ဝန်ထမ်းများ စုပေါင်းအဖွဲ့က တောင်တွင်းကြီးမြို့အတွင်း စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် အရိပ်ရအပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထိန်းသိမ်းထားရှိသော ဗိုလ်ချုပ်ပန်းခြံရှိ ပန်းအလှပင်များ ကြီးထွားဖွံ့ဖြိုးစေရေး ရေဖျန်းခြင်း၊ ဟောင်းနွမ်းသော ပျိုးအိတ်များကို အသစ်လဲလှယ်ခြင်း၊ အပင်အမျိုးအစားအလိုက် စနစ်တကျနေရာချခြင်း၊  ပန်းအလှပျိုးပင်များ ထပ်မံစိုက်ပျိုးခြင်းနှင့် ပျိုးဥယျာဉ်ခြံဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် တောင်တွင်းကြီးမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့တွင်းလမ်းများနှင့် လမ်းဘေး(ဝဲ၊ ယာ)တစ်လျှောက်တွင် ပန်းအလှပင်များ စိုက်ပျိုးခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းအတွင်းရှိ အမှိုက်သရိုက်များနှင့် နုန်းသဲများ ဆယ်ယူရှင်းလင်းခြင်း၊ မြို့ပေါ်ရပ်ကွက်များ၌ အမှိုက်ကင်းစင်ရေးအတွက် သန့်ရှင်းရေးဝန်ထမ်းများက နေ့စဉ် အမှိုက်သိမ်းယာဉ်ဖြင့် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်း၊ ရပ်ကွက်နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန်အတွက် အမှိုက်သိမ်းယာဉ်ဖြင့် နေ့စဉ် အမှိုက်များသိမ်းဆည်းပေးခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးဝန်း အတွင်း၊ အပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ပန်းအလှပင်များစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)